တရုတ်နိုင်ငံ ဖန်ကျင်းတောင်ပေါ်က ရင်သပ်ရှုမောဖွယ်ရာ
ကမ္ဘာ့ရင်သပ်ရှုမောဖွယ်ရာ အကောင်းဆုံး မြင်ကွင်းတွေထဲက တစ်ခုကတော့ တရုတ်နိုင်ငံ အနောက်တောင်ဘက် ဝူလင်တောင်တန်းက ဖန်ကျင်းတောင်ပေါ်မှာ တည်ဆောက်ထားတဲ့ အမွှာဘုန်းတော်ကြီးကျောင်း နှစ်ဆောင်ပဲ ဖြစ်ပါတယ်။
Red Clouds Golden Peakလို့ လူသိများ ထင်ရှားတဲ့ ဖန်ကျင်းတောင်ရဲ့ ထိပ်ပိုင်းက သဘာဝအတိုင်း နှစ်ခြမ်းကွဲနေပါတယ်။
အဲဒီလို နှစ်ခြမ်းကွဲနေတဲ့ တောင်ထိပ် နှစ်ခုပေါ်မှာ အမွှာဘုန်းတော်ကြီးကျောင်း နှစ်ဆောင်ကို တည်ဆောက်ထားပြီး အလယ်ကနေ ကျောက်တံတားခုံးတစ်ခုနဲ့ ဆက်သွယ်ထားတာပါ။
အဲဒီ အမွှာဘုန်းတော်ကြီးကျောင်း နှစ်ဆောင်ကို လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ကျော် မင် မင်းဆက် အုပ်စိုးစဉ်ကာလကတည်းက တည်ထားကိုးကွယ်ခဲ့တာ ဖြစ်ပါတယ်။
မြင်မားမတ်ဆောက်တဲ့ တောင်ထိပ်ဖျားမှာ ဘုန်းတော်ကြီးကျောင်း တည်ဆောက်ဖို့အတွက် ခေတ်မီ စက်ကိရိယာတွေရဲ့ အကူအညီ မပါဘဲ ကြိုးပမ်းအားထုတ်ခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ သဒ္ဓါတရားက လေးစားချီးကျူးဖို့ ကောင်းလှပါတယ်။
နတ်ဘုံနတ်နန်းတမျှ ခမ်းနားလှတဲ့ ဖန်ကျင်းတောင်ထိပ်က အမွှာဘုန်းတော်ကြီးကျောင်း နှစ်ဆောင်ကို သွားရောက်လေ့လာလိုသူတွေ အနေနဲ့ ပထမဆုံး ဗုဒ္ဓ ကျောင်းဆောင်ကို ရောက်အောင် လှေကားထစ်ပေါင်း ၈၀၀၀ကျော် တက်ရပါမယ်။
အဲဒီလို တက်တဲ့ လမ်းတလျောက်မှာ မင်ခေတ်ကနေ ချင်ခေတ်အထိ အုပ်စိုးခဲ့တဲ့ ဘုရင်တွေ ရေးထိုးလှူဒါန်းထားတဲ့ ရှေးဟောင်းကျောက်စာတွေကိုလည်း လေ့လာနိုင်ပါတယ်။
မြင့်မားမတ်စောက်တဲ့ တောင်ထိပ်ကို ရောက်ပြီဆိုတာနဲ့ ဗုဒ္ဓ ကျောင်းဆောင်ထဲကို ဝင်ပြီး ဘုရားဖူး ကုသိုလ်ယူနိုင်ပါတယ်။
အဲဒီ ဗုဒ္ဓ ကျောင်းဆောင်က ပစ္စုပ္ပန်ကို ကိုယ်စားပြုတဲ့ ဆာခိမုနိ ဘုရားကို ရည်စူးပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။
ဗုဒ္ဓ ကျောင်းဆောင်မှာ ဘုရာဖူး ကုသိုလ်ယူပြီးလို့ ကျောက်တံတားခုံးပေါ်ကနေ ဖြတ်လျောက်လိုက်တာနဲ့ မေတိရာ ကျောင်းဆောင်ကို ရောက်ပါတယ်။
မေတိရာ ကျောင်းဆောင်ကတော့ ဆာခိမုနိ ဘုရားရဲ ဆက်ခံသူဖြစ်တဲ့ မေတိရာ ဘုရားကို ရည်စူးပြီး တည်ဆောက်ထားတာပါ။
ဖန်ကျင်းတောင်ထိပ်မှာ တည်ဆောက်ထားတဲ့ အဲဒီ အမွှာဘုန်းတော်ကြီးကျောင်း နှစ်ဆောင်က တရုတ်နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသည်ဆွဲဆောင်မှု အများဆုံး နေရာတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။
နက္ခတ်ထူး
၁၆.၁၂.၂၀၂၁၀
Ref: OD#ChannelKeyMyanmar