News

ကလောမြို့အဝင် ဂိတ်တွင် လိုင်စင်မဲ့ယာဉ် မောင်းနှင်လာသူ တပ်မတော်အရာရှိ ၂ ဦး အပါအဝင် ၁၀ ဦးကို ဖမ်းဆီး

ကလောမြို့အဝင် ဂိတ်တွင် လိုင်စင်မဲ့ယာဉ် မောင်းနှင်လာသူ တပ်မတော်အရာရှိ ၂ ဦး အပါအဝင် ၁၀ ဦးကို ဖမ်းဆီး

#ကမ္ဘောဇတိုင်း

ကလောမြို့အဝင် စစ်ဆေးရေးဂိတ်တွင် လိုင်စင်မဲ့ယာဉ်များ မောင်းနှင်လာသည့် တပ်မတော် အရာရှိ ၂ ဦး အပါအဝင် ၁၀ ဦးကို ဒီဇင်ဘာလ ၁၅ ရက်၊ ညပိုင်းတွင် ပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့သည် ကလောမြို့ အဝင် ပူးပေါင်းစစ်ဆေးရေးဂိတ်၌ သာစည်ဘက်မှ ကလောမြို့သို့ မောင်းနှင်လာသည့် ယာဉ်များကို ရှာဖွေစစ်ဆေးနေစဉ် ဒီဇင်ဘာလ ၁၅ ရက်၊ ည ၁၁ နာရီခန့်တွင် မိတ္ထီလာ အခြေစိုက် တပ်မတော်(လေ)မှ အရာရှိ ၂ ဦး ဖြစ်သည့်

ဗိုလ်မှူး ဇော်မင်းထက်နှင့် ဗိုလ်ကြီး စိုးဇေယျာထက်တို့ မောင်းနှင်လာသည့် ယာဉ်များ၏ သက်သေခံစာရွက်စာတမ်းများကို စစ်ဆေးရာ ယာဉ်နှင့် ပတ်သက်သည့် တရားဝင် မှတ်ပုံတင်ထားသည့် လိုင်စင်စာရွက် အထောက်အထား တစ်စုံတစ်ရာကို ပြသနိုင်ခြင်း မရှိသဖြင့် ဖမ်းဆီးကာ စစ်စည်းကမ်းအရ အရေးယူနိုင်ရန် တပ်မတော်တပ်ထိန်းသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အတူ မြဝတီမြို့နေ စိုးမိုး၊ သိန်းထိုက်၊ ရဲကိုကို၊ အာကာမြင့်အောင်၊ မိတ္ထီလာမြို့နယ်နေ သူရထွန်း၊ အောင်အောင်၊ မြင့်သိန်းနှင့် ကိုမျိုးတို့ ၈ ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်များမှာလည်း တရားဝင် မှတ်ပုံတင်လိုင်စင် စာရွက်စာတမ်း တစ်စုံတစ်ရာ ပြသနိုင်ခြင်း မရှိသည့်အတွက် ကလောမြို့မရဲစခန်းမှ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ ဖြင့် အမှု ဖွင့်လှစ်ဆောင်ရွက်နေကြောင်း သိရသည်။

အဆိုပါ လိုင်စင်မဲ့ယာဉ်အဖြစ် ဖမ်းဆီးခံရသည့် မော်တော်ယာဉ်များမှာ ALPHARD ယာဉ် ၂ စီး၊ Canter ယာဉ် ၂ စီး၊ WISH ၊ ဟွန်ဒိုင်း Accent ၊ Hilux ၊ Fuso ၊ Honda Fit ၁ စီးစီဖြင့် စုစုပေါင်း ၉ စီး ဖြစ်ကြောင်း သိရသည်။

ကလောမြို့နယ်တွင် လိုင်စင်မဲ့ယာဉ်များအား သီးသန့် ဖမ်းဆီးနေခြင်း မရှိဘဲ မော်တော်ယာဉ် ပါသူများအား COVID-19 နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးမှု ခံယူထားခြင်း ရှိ/မရှိ စစ်ဆေးစဉ် ယာဉ်မောင်းများက မောင်းနှင် ထွက်ပြေးခြင်းကြောင့် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ကလောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က ကမ္ဘောဇတိုင်းသို့ ပြောဆိုထားသည်။

#KBZTai #Shan #News #KhunThanAung