Local News

“ဆင်းရဲခြင်းရဲ့ ရလာဒ် နှင့် ရင်နာရသော အသိမဲ့မှုများ..”

မနေ့က အစ်ကို တစ်ယောက် ဖုန်းဆက်တယ်။သူ့မိတ်ဆွေ ကိုကြည်မိုးဆိုတဲ့ငှက်ကြည့်ဝါသနာရှင်တစ်ယောက်ကိုစိုးထိုက်တို့ဖဒိုမြို့နားက ပဲခူးရိုးမပေါ်ရောက်နေတယ်..ကိုစိုးထိုက်ကို တွေ့ချင်လို့ပါ…ဆိုတာနဲ့ ကျွန်တော်လည်း ပဲခူးရိုးမပေါ်တက်သွားတာပေါ့။

ရိုးမအခြေမှာပဲ ကိုကြည်မိုးတို့ အဖွဲ့ကိုတွေ့ပါတယ်။ကင်မရာ လေးငါးလုံးကို လမ်းဘေးကနေနေရာပေါင်းစုံမှာချပြီး ဟိုးတောင်ကြောက သစ်ပင်တစ်ပင်ကို ဝိုင်းကြည့်နေကြတယ်။သစ်ပင်ပေါ်မှာကတော့ အောင်လောင်ငှက်တွေဆယ်ကောင်လောက် အစာစားနေကြလေရဲ့..။

ကျွန်တော့်ကို တွေ့တော့ ကိုကြည်မိုးကလာနှုတ်ဆက်တယ်။ပြီးတော့ စိတ်မကောင်းဖြစ်နေတဲ့ မျက်နှာနဲ့ ကျွန်တော့်ကို စကားလာ ပြောပါတယ်။

“ကိုစိုးထိုက်ရေ..မနေ့ကတော့ ဒီအပင်မှာအောင်လောင်ငှက် အကောင် ၄၀ ကျော်ရှိပါတယ်..ဒီနေ့တော့ ဆယ်ကောင်လောက်ပဲ လာတော့တယ်.ငှက်ပစ်တဲ့သူတွေက လာလာချောင်းပြီးပစ်ကြတာကိုးဗျ..”

သူပြောတာ ကျွန်တော် မအံ့သြ ၊ မတုန်လှုပ် ၊အောင်လောင်ငှက်များ ကျွန်တော်တို့ဒီတောင်ကြောမှာ ပေါမှပေါ..တစ်ခါတစ်လေ တစ်ပင်လုံးကို အုံခဲနေတာ..

ကျွန်တော်က ဒီတောတွင်း တစ်ကြောမှာ ပရဟိတစာသင်ကျောင်းပေါင်းများစွာဆောက်ပေးခဲ့တော့မကြာခဏတွေ့နေကျ မြင်နေကျ..မနေ့က ရိုးမထဲက ရေတံခွန်ဆီသွားတော့တောင်အောင်လောင်ငှက် အော်သံတွေ ဆူညံနေတာကြားခဲ့ရသေးတယ်။

(အဲဒီနားမှာနေတဲ့ လူတစ်ယောက်တောင် နားညီးလို့ဆိုပြီး လေးခွနဲ့လိုက်ပစ်နေသေး)”ဟုတ်တယ်ဗျ..ဒီနားမှာက တောတွင်းသားတွေများတော့ ဒီလိုပဲ အကောင် ဗလောင်တွေပစ်ခတ် စားသောက်နေကျ..ဘာဖြစ်လို့လဲ အကို..”ဆိုပြီး ကျွန်တော်က မေးတော့ ကိုကြည်မိုးရင်ထုရှာတယ်။

“အောင်မယ်လေး ကိုစိုးထိုက်ရယ်..ခင်ဗျားတို့မှာ ရတနာကြောကြီး ဖင်ခုထိုင်ပြီးဘာဖြစ်လို့လဲ မေးနေတယ် ဟုတ်လား..ဒီငှက်တွေကို ဒီလို တစ်စုတစ်စည်းထဲသစ်ပင် တစ်ပင်ထဲမှာအကောင် လေးငါးဆယ်တွေ့ဖို့ဆိုတာ တစ်ကမ္ဘာလုံးကို ပတ်ကြည့်..တွေ့ဖို့မလွယ်ဘူးဗျ..

တကယ့် ရှားပါးတဲ့ ဖြစ်တည်မှုကြီး..ကိုဗစ်သာမရှိရင် ဒီနေရာမှာ ဒီလို အောင်လောင်ငှက်အကောင် လေး ငါးဆယ် ရှိနေတာကြေငြာလိုက်ရင်တစ်ကမ္ဘာလုံးက ငှက်ဝါသနာရှင်တွေ ရာနဲ့ချီချက်ချင်းရောက်လာကြမှာ..ယိုးဒယားမှာ ငါးကောင် ခြောက်ကောင်လောက်တွေ့တာကိုတောင် ပွဲတော်လို လာကြည့်ကြတာဗျာ..

ပြီးတော့ ငှက်ကြည့်တယ်ဆိုတာ စီးပွားရေး သာမန်လောက်နဲ့ မလွယ်ဘူးဗျ..ကင်မရာတစ်လုံးကို သိန်းရာဂဏာန်းရှိတယ်..အဲဒီတော့ သူတို့ဟာ ဘယ်လောက်ကုန်ကုန်ငှက်ကြည့်ရမယ်ဆို မနှမျောဘူး..ဒေသတစ်ခုလုံး အကြီးအကျယ်ဝင်ငွေရမယ့် ကိစ္စကြီးဗျ..တခြားနေရာတွေမှာ နည်းနည်းတွေ့ရဖို့ကိုတောကြီး တောင်ကြီးထဲ ခြေတိုအောင်သွားရတာ..

ကိုစိုးထိုက်တို့ ဒီဒေသမှာလို လမ်းဘေးတင် တွေ့ရတာမျိုး မဟုတ်တဲ့အပြင် ဒီလိုအကောင်လေးငါးဆယ် တွေ့ရဖို့ဆိုတာ တကယ့် ရှားပါး စံချိန်ပဲ..အခုတော့ဗျာ မနေ့ကတင် အကောင်လေးငါးဆယ်တွေ့သေးတယ်..

ဒီနေ့ ဆယ်ကောင်ကျော်ပဲ ကျန်တော့တယ်..ငှက်လာပစ်တဲ့သူတွေက ဆာလာအိတ်ကြီးတွေကျောပိုးပြီးလာကြတာဗျာ..ကျွန်တော့်ရင်တွေ ကွဲပါပြီ ကိုစိုးထိုက်ရေ..””ဗျာ..”

နှစ်စဥ်နှစ်တိုင်း ကျွန်တော့် မျက်စိရှေ့တင်ပစ်သတ်ချက်စားခံနေရတဲ့ ဒီအောင်လောင်ငှက်တွေဟာ ငှက်ကြည့်ဝါသနာရှင်တွေအတွက်အဖိုးမဖြတ်နိုင်ဘူးတဲ့လား…တစ်ခါတစ်လေ တောထဲသွားရင်းကျွန်တော်တို့ တွေ့မြင်နေကျဖြစ်တဲ့သစ်ပင်ပေါ်မှာ အုံခဲနေတဲ့ ဒီငှက်တွေကိုတွေ့ရဖို့ဆိုတာ တခြားသူတွေအတွက် တကယ့်ရှားပါးဖြစ်စဥ်တဲ့လား..

“ရော့ဗျာ..ကိုစိုးထိုက်.. ဒီမှန်ဘီလူးလေးနဲ့ကြည့်ကြည့်စမ်း..မျက်စိနဲ့ လှမ်းကြည့်နေရတာဝေးတယ်..မထင်ရှားဘူး..”ကျွန်တော် ကိုကြည်မိုးပေးတဲ့ မှန်ဘီလူးကိုယူပြီးအောင်လောင်ငှက်တွေဆီကြည့်လိုက်တယ်..”တွေ့လား ကိုစိုးထိုက်..အောင်လောင်ငှက်ဆိုတာ မောင်နှံအချင်းချင်း သိပ်ချစ်တတ်တဲ့ငှက်တွေ.. နှစ်ကောင်တွဲအချင်းချင်း အစာခွံနေတာ..

ကျီစယ်နေကြတာ..ကခုန်သလို အစာစားနေကြတာ..ဇောက်ထိုးစားလိုက် ၊ ပျံပြီး စားလိုက် အဖိုက အမကို ခွံ့ကျွေးလိုက် နှုတ်သီးချင်း နမ်းသလို နမ်းလိုက်နဲ့ဗျာ..ဘယ်လောက် လှလဲ ..ဘယ်လောက်အနုပညာ မြောက်သလဲဗျာ..”အိုး…ဟုတ်ပါရဲ့ဗျာ..မှန်ဘီလူးနဲ့ကြည့်မှထင်ရှားတာကိုး..သိပ်လှတာပဲ..အထူးသဖြင့် အထီးအမ စုံတွဲတွေ အတူတူအစာစားနေကြတာ သိပ်ကဗျာဆန်တာပဲ..ကြည့်မဝနိုင်ပါလား..။

အင်း…ပညာ..ပညာ..

ပညာဆိုတာ ဒါကိုပြောတာ ထင်ပါရဲ့. သိရှိနားလည်မှုပေါ့..ကိုယ့်ဒေသမှာ သတ်စားဖို့လောက်ပဲသိတဲ့ ဒီငှက်တွေဟာ တခြားနိုင်ငံမှာဆိုတကယ့်ငွေတွင်းကြီးဖြစ်နေပြီ။ကိုယ်က မစားပေမယ့် သူများသတ်နေတာကိုသွားပြီး တားဆီးရကောင်းမှန်းမသိတဲ့ကိုယ်တွေလည်း ပညာချို့တဲ့ သူတွေပါပဲလေ..

အဲဒီနေ့က ဒေသခံ ကိုဇော်မင်းကိုခေါ်ပြီးနေ့စားသမား သုံးယောက်လောက် ငှားလိုက်တယ်။ငှားခကိုတော့ ကိုကြည်မိုးက ပေးပါတယ်။

“တစ်ပတ်လောက် စားပြီးရင် ဒီအပင်ကနေသူတို့ တောထဲကို ပြန်ပါပြီဗျာ..ဒီရက်လေးတော့ ငှက်ပစ်သမားတွေလာရင်တားဆီးပေးကြပါ..တစ်ကောင်ကို အသားစျေး လေးငါးထောင်လောက်ပဲ ရမယ့် အကောင်လေးတွေပါ..

အသက်ရှိနေရင် ဒေသအတွက် သိန်းပေါင်းများစွာ ရှာပေးနိုင်ပါတယ်..ဥပဒေအရလည်း တားခွင့်ရှိပါတယ်..စောင့်ရှောက်ပေးကြပါဗျာ..ကိုဗစ်ကာလ ကျွန်တော် ညမအိပ်ရလို့ပေါ့..မဟုတ်ရင် ကျွန်တော်တို့ လာစောင့်ရှောက်ပါတယ်..နောက်နှစ်တွေများ အောင်လောင်ငှက်တွေ ဒီလို ပြန်လာကြရင် ခင်ဗျားတို့ဒေသခံတွေ လက်ခမောင်း ခတ်ပေတော့”ဆိုပြီး သူက ပြောတယ်။

ညနေစောင်းတော့ ကိုကြည်မိုးတစ်ယောက်ကင်မရာတွေ သိမ်းပြီး မပြန်ချင် ပြန်ချင်နဲ့ပြန်သွားရှာတယ်။သူ့ကားနောက်ကျောကိုကြည့်ရင်းတို့နိုင်ငံမှာ ဒီလို သက်ရှိ သက်မဲ့ သယံဇာတတွေ ဘယ်လောက်များများ တည်ရှိနေပြီးဘယ်လောက်များများကိုလည်း တို့တွေ ပညာမဲ့စွာ ဖျက်စီးပစ်ခဲ့လဲ ဆိုတာကို စဥ်းစား တွေးတောမိနေဆဲ…

ကိုစိုးထိုက် (ဖဒို)

ဓာတ်ပုံ…ကိုကြည်မိုး