News

“NLD နှင့် တိုင်းရင်းသား ပါတီတွေ ပူးပေါင်းဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရသစ် တစ်ရပ် ထွက်ပေါ်လာတော့မည်”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်ထောင်စု နှင့် တိုင်း ဒေသကြီး အစိုးရများ ဖွဲ့စည်းရာတွင် တိုင်းရင်းသား ပါတီများ မှ ပါဝင်လိုသူ များ၏ အမည်စာရင်းကို တင်သွင်းလာပါက လက်ခံ စဉ်းစားသွား မည် ဖြစ်သည်ဟု နေပြည်တော်တွင် စနေနေ့က ပြုလုပ်သော ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေး အပြီး တွင် ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးညွန့်က ထုတ်ဖေါ်ပြောကြားခဲ့သည်။

ဤသည်မှာ ကြေညာထားခဲ့ပြီး ဖြစ်သော ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ရေး အတွက် ပထမ ခြေလှမ်း အဖြစ် အမျိုးသား ညီညွတ်ရေး အစိုးရ ထူထောင်ရန် NLD မှ စတင် အကောင်အထည် ဖေါ်လိုက်ခြင်း ဖြစ်ပြီး တိုင်းရင်းသား ပါတီ ၄၈ ဖွဲ့အား လည်း ပူးပေါင်း ပါဝင်ရန် ဖိတ်ခေါ်ခဲ့ပြီး ဖြစ်သည်။

တိုင်းရင်းသား ပါတီများမှ ဖက်ဒရယ် ပြည်ထောင်စု အပေါ် ၎င်းတို့ သဘောထား ကို နားထောင်ရန် နှင့် သင့်လျှော်သော ပုဂ္ဂိုလ်များကို အမည်စာရင်း တင်သွင်းလာပါ ညှိနှိုင်း ဆွေးနွေးရန် ပါတီ ထိပ်တန်း ခေါင်းဆောင် သုံးဦး ဖြစ်သော မကွေးတိုင်း ဝန်ကြီးချုပ် ဦးအောင်မိုးညို၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် နှင့် ပါတီ၏ တိုင်းရင်းသား လူမျိုးစု ရေးရာ ဥက္ကဌ ဦးအင်ထုံခါးနော်ဆန်း တို့ ပါဝင်သည့် လုပ်ငန်းကော်မတီကို လည်း ဖွဲ့စည်းလိုက်သည်။

ပြီးခဲ့သည့် လ အတွင်း ရခိုင်ပြည်နယ် အနောက်ခြမ်းတွင် တပ်မတော် နှင့် အေအေ အကြား တိုက်ပွဲများ ရပ်ဆိုင်းသွားမှုကို ပါတီမှ ကြိုဆိုခဲ့ပြီး ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဆက်လက် အကောင်အထည် ဖေါ်သွားနိုင်ရန် အရေးကြီးကြောင်း အလေးအနက် ပြောဆိုခဲ့သည်။

တပ်မတော် အနေနှင့် ရင်ဆိုင်နေရသော ဖွဲ့စည်းပုံ အကျပ်အတည်း ကြီး ဖြေရှင်းရန်နှင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ စနစ် ထူထောင်နိုင်ရေး ကြိုးပမ်းမှုများ တွင် ပါဝင်လိုသည့် ဆန္ဒရှိပါက ပါတီမှ ဆွေးနွေးရန် အမြဲတမ်း လမ်းဖွင့်ထားသည်ဟုလည်း ဦးမျိုးညွန့်က ပြောပြခဲ့သည်။

တိုင်း ဒေသကြီး နှင့် ပြည်နယ် ဝန်ကြီးချုပ်များအား သမ္မတမှ တိုက်ရိုက် ခန့်အပ်ခြင်းထက် သက်ဆိုင်ရာ လွှတ်တော်မှ ရွေးချယ် တင်မြှောက်နိုင်ခွင့် ရရန် ပုဒ်မ ၂၆၁ အား ပြင်ဆင်ရန် အဆိုပြုထားမှု နှင့် ပတ်သက်ပြီး တပ်မတော်မှ ၎င်းတို့ ရရှိထားသည့် ၂၅ % ကို စွန့်လွှတ်ပေးမည်ဆိုက NLD အနေဖြင့် ပြင်ဆင်ရန် ထောက်ခံသွားမည် ဖြစ်သည်ဟု ဦးမျိုးညွန့်က ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။

NLD သည် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နေရာစုစုပေါင်း တွင် ၉၂၀ နေရာ ဖြင့် ၈၂ % အနိုင်ရရှိထားခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော်တွင်မူ တပ်မတော်၏ ၂၅ % ရှိနေခြင်းကြောင့် ၆၂% သာ ရရှိထားသည်။

ပြည်ထောင်စု လွှတ်တော်တွင် USDP မှ ၃၃ နေရာဖြင့် ၅%၊ SNLD က ၁၅ နေရာဖြင့် ၃% နှင့် အခြား တိုင်းရင်းသား ပါတီ ၁၀ ခုမှ ၃၂ နေရာ ဖြင့် ၅% ရရှိထားသည်။

ကိုးကား ။ ။ ဧရာဝတီ သတင်းစဉ်