News

“လောင်းကြေး သိန်း(၅၀) ထိရှိတဲ့ ကြက်ဝိုင်းကို စခန်းမှူးက မသိချင်ယောင်ဆောင်နေလို့ တိုင်းမှူးအထိ တက်တိုင်မည်”

ကျောက်ကြီး ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်ကျောက်ကြီးမြို့နယ်မုန်းဒေသ မုန်းကျေးရွာအုပ်စု အုန်းပင်စုကျေးရွာတွင် တရားမဝင်ကြက်တိုက်လောင်းကစားပြုလုပ်နေခြင်းအားဗွီဒီယိုမှတ်တမ်းတင်ထားရှိပြီးတောင်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်တိုင်းမှူးထံပေးပို့လျက် မျက်ကွယ်ပြုထားသည့်သက်ဆိုင်ရာဝန်ထမ်းများအားအရေးယူဆောင်ရွက်ပေးရန်တိုင်ကြားသွားမည်ဖြစ်ကြောင်းမှတ်တမ်းတင်ရရှိထားသူတစ်ဦးထံမှသိရသည်။

တိုင်ကြားမှုအားယခုလအတွင်းအပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ပြီး မုန်းနယ်မြေရဲစခန်းမှူးနှင့်သက်ဆိုင်ရာတာဝန်ရှိသူများအားထိရောက်သောအရေးယူမှုပြုနိုင်သည်အထိအဆင့်ဆင့်တိုင်ကြားသွားမည်ဖြစ်ကြောင်းကြက်တိုက်လောင်းကစားဝိုင်းသို့သွားရောက်သတင်းရယူထားသူသတင်းသမားတစ်ဦးမှပြောဆိုသည်။

“ဗွီဒီယိုဖိုင်ကတော့ သတင်းပေးတဲ့သူကတိကျတဲ့မှတ်တမ်းကိုပေးထားပါတယ်။မုန်းနယ်မြေရဲစခန်းမှူးကိုယ်တိုင်သိပြီးမျက်ကွယ်ပြုထားတယ်။ဒီအတွက်ထိရောက်တဲ့အရေးယူဆောင်ရွက်တာတွေလုပ်ပေးဖို့တောင်ပိုင်းတိုင်းစစ်တိုင်းမှူးကိုလိပ်မူပြီးတိုင်စာပို့မယ်။

ဖြေရှင်းပေးမယ်လို့လဲယုံကြည်တယ်”ဟုအမည်မဖော်လိုသူ တစ်ဦးမှ bago Weeklyသို့ပြောဆိုသည်။ မုန်းဒေသတွင်းတရားမဝင်လုပ်ငန်းအများအပြားရှိနေပြီးကြက်တိုက်လောင်းကစားမှုသည် အုန်းပင်စုကျေးရွာတွင်သာမကနှောတောကျေးရွာတွင်လည်း ရက်မပြတ်လောင်းကစားမှုများရှိနေပြီး မီးတိုင်တောကျေးရွာတွင်လည်းအဆိုပါကဲ့သို့လုပ်ဆောင်ရန်လျာထားဆောင်ရွက်မှုများရှိနေပြီးယခင်နှစ်တွင်လည်းမီးတိုင်တောကျေးရွာအုပ်စုမီးတိုင်တောကျေးရွာနှင့် ကော့ပြင်းကျေးရွာတို့တွင်ကြက်တိုက်လောင်းကစားအပါအဝင်အနီထောင်လောင်းကစားဝိုင်းများနှင့်ခြောက်ကောင်(ဂေါက်ဂတ်)လောင်းကစားခြင်းဖဲရိုက်လောင်းကစားခြင်းများဖြင့်စည်ကားစွာလုပ်ဆောင်ခဲ့ခြင်းရှိခဲ့ကြောင်းယင်းဒေသခံပြည်သူများမှအတည်ပြုပြောဆိုသည်။

“ဗွီဒီယိုမှတ်တမ်းတွေကိုလဲ သတင်းသမားတစ်ချို့ကိုဖြန့်ထားပြီးပါပြီ။ပုံပါတွေကိုအရေးမယူနိုင်ဘူးဆိုရင်တောင် မုန်းနယ်မြေရဲစခန်းမှူးကိုအရေးယူပေးဖို့တော့မျှော်လင့်တယ်။ဘာကြောင့်လဲဆိုတော့ လုံနယ်ဝန်ကြီးဗိုလ်မှူးကြီးလှမျိုးရွှေကလဲမီဒီယာတွေကိုတရားဝင်ပြောဆိုထားတာရှိတယ်။လောင်းကစားဝိုင်းတွေပြုလုပ်တာမှန်တယ်။စစ်ဆေးပေါ်ပေါက်ရင် နယ်ထိန်းနဲ့စခန်းမှူးကိုအရေးယူမယ်ဆိုတဲ့စကားရှိထားတယ်။

ဒါကိုတော့စောင့်ကြည့်မယ်။ကာကွယ်ရေးဦးစီးချုပ်နဲ့အဂတိတွေကိုလဲမိတ္တူပို့မယ်။လိုအပ်ရင် သမ္မထိပို့မယ်”ဟုတိုင်ကြားစာပေးပို့မည့်သူဦးညီကပြောသည်။

ယင်းကြက်တိုက်လောင်းကစားခြင်းသည်တစ်ပွဲလျှင်ငွေကျပ်သိန်း(၂၀)မှကျပ်သိန်း(၅၀)ကျော်အလောင်းအစားရှိနေပြီး မှန်းရက်မရှိသော ချိန်းရက်များဖြင့်တစ်ပတ်လျှင် အနည်းဆုံး သုံးကြိမ်တိုင်လောင်းကစားမှုပြုလျက်ရှိနေပြီး အတည်မပြုနိုင်သောသတင်းရပ်ဝန်းမှမုန်းနယ်မြေရဲစခန်းမှူးနှင့်နယ်ထိန်းအားလိုင်းကြေးငွေပေးဆောင်ကာပြုလုပ်လျက်ရှိနေနိုင်ပြီး ဦးမဲနှင့်ကိုဂျော့(ဒေသအခေါ်)တို့ကဦးဆောင်ပြုလုပ်နေသည်မှာနှစ်အတန်ကြာမြင့်နေပြီဖြစ်ကြောင်းအမည်မဖော်လိုသူတစ်ဦးမှရှင်းပြပြောဆိုသည်။

“တရားဥပဒေစိုးမိုးရေးက အဓိကတာဝန်ပဲ။ယူနိုင်တဲ့တာဝန်ရှိသူတစ်ချို့က တရားဥပဒေစိုးမိုးရေးကိုမျက်ကွယ်ပြုပြီးအဂတိတရားလိုက်စားနေတာရှိ/မရှိကို အထူးစုံစမ်းစစ်ဆေးရေးတွေကို လွတ်လပ်မှုပေးပြီးစိစစ်မယ်ဆိုရင်အဖြေထွက်နိုင်တယ်။ဥပမာဝန်ထမ်းတစ်ဦးရဲ့ ပိုလျှံတဲ့ငွေတွေဘယ်ကစီးဆင်းသလဲဆိုတာမျိုးပါ။ဒါမျိုးတွေကိုစနစ်တကျစစ်ဆေးမယ်ဆိုရင် တစ်ချို့ဝန်ထမ်းတွေက နေအိမ်တွေကိုနန်းတော်တွေလိုဆောက်ထားတာမျိုးရှိတယ်။စစ်ဆေးပေါ်ပေါက်ရင်နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းတာမျိုးလုပ်နိုင်ရင် အဂတိကလျော့သွားနိုင်တယ်။

စစ်ဆေးပေါ်ပေါက်တယ်။ရာထူးနေရာပြောင်းလိုက်ရုံနဲ့တော့ကိုယ်ကျင့်တရားကပျောက်သွားမှာမဟုတ်ဘူး။ပြောင်းသွားတဲ့နေရာမှာအဂတိပြန်လိုက်စားမှာပဲ။ဒါကိုလဲအစိုးရတစ်ရပ်အနေနဲ့ ဥပဒေပြုပြင်သင့်တယ်”ဟုမုန်းဒေသကျောက်ကြီးတံခွန်အရပ်ဘက်အဖွဲ့အစည်းပြောခွင့်ရသူဦးလှပြောသည်။

၎င်းဗွီဒီယိုဖိုင်တွင်ကြက်တိုက်နေသည့်မြင်ကွင်းအပါအဝင်လောင်းကစားမှုပြုနေပြီးလောင်းကြေးဖြင့်ကစားနေသူအင်အား(၅၀)ကျော်မြင်တွေ့ရလျက်ရှိပြီး ယခုအခါcovid 19 ကပ်ရောဂါအားအံတုလျက်ပြုမူလုပ်ဆောင်နေခြင်းအပေါ်အံ့သြမှုဖြစ်ရကြောင်း ဗွီဒီယိုဖိုင်ရရှိထားသူဒေသတွင်းသတင်းသမားတစ်ဦးမှဝေဖန်ပြောဆိုသည်။

ယင်းဖြစ်စဥ်နှင့်ပတ်သက်၍ မေးမြန်းရန် မုန်းနယ်မြေရဲစခန်းရဲအုပ်ကိုကိုသန့်နှင့်နယ်ထိန်းခေါင်းဆောင်အားဖုန်းဖြင့်ဆက်သွယ်သော်လည်းဆက်သွယ်၍မရပေ။

ကိုကျောက်ကြီး

#BagoWeeklyJournal