Covid 19 myanmar

နေပြည်တော်တွင် ယာဉ်ထိန်းတပ်ဖွဲ့ဝင်(၂၀)ဦးခန့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရ

နေပြည်တော်ကောင်စီနယ်မြေမှာ တာဝန်ထမ်းဆောင်နေတဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင် အယောက်(၂၀)ခန့် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံထားရတယ်လို့ နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်၀ဏ္ဏစိုး ကပြောပါတယ်။

“ဒီနေ့လည်း ထပ်တိုးတာလေးတွေ နည်းနည်းရှိပါတယ်။ အားလုံး ပေါင်းဆိုရင် ယာဉ်ထိန်းရဲတပ်ဖွဲ့က ၂၀ လောက် ပိုးတွေ့ပါတယ်။ ထိစပ်မှုရှိတဲ့ လူတွေကိုလည်း ကျွန်တော်တို့ ကွာရန်တင်းလုပ်ထားပါတယ်။ ပြီးတော့ ကျွန်တော်တို့ သူတို့ကို စောင်ကြည့်ပြီး ပေါ့စတစ်ဖြစ်တဲ့ သူတွေကို ဆေးရုံ တင်ပြီး ကုသပေးနေပါတယ်”လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပြောပါတယ်။

ကူးစက်ခံရမှုဖြစ်စဉ်ကတော့ ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေ့ရှိရတဲ့ ယာဉ်ထိန်းတပ်ဖွဲ့ဝင်နှစ်ယောက် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကို ဆေးကုသမှုခံယူဖို့ ရောက်လာတာကနေ စစ်ဆေးပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတည်ပြုလူနာနှစ်ယောက်နဲ့ ထိတွေ့မှုရှိသူတွေကို ထပ်မံစစ်ဆေးရာကနေ အတည်ပြု လူနာအယောက်(၂၀)ခန့်အထိ ထပ်မံတွေ့ရှိရလာတာလို့ ဒေါက်တာ မြတ်၀ဏ္ဏစိုး ကပြောပါတယ်။

“သူတို့က စစတွေ့တဲ့ ကေ့စ်တွေကလည်း ခရီးသွားရာဇဝင်မရှိပဲ တွေ့ရတာမျိုးလေ။ အဲတော့ နေပြည်တော်တွင်းမှာပဲ ထိတွေ့ကူးစက်မှုများပါတယ်။ သူတို့ကို ပြီးခဲ့တဲ့ တစ်ပတ် (၇)ရက် (၈)ရက်လောက်က စတွေ့တာပါ။ စတွေ့ တာကတော့ ၂ ယောက်က ဖျားပြီးတော့ ဆေးရုံမှာ သံသယလူနာ ဖြစ်လို့ သိရတာပါ။ အဲတော့ သူတို့နဲ့ထိစပ်တဲ့ သူတွေကို ကွာရန်တင်း ထည့်တယ်။

ထည့််ရင်းဆေးစစ်ရင်းနဲ့ အခုတွေ့တာ အယောက်(၂၀)လောက်ဖြစ်သွား ပါပြီ”လို့ ဒေါက်တာ မြတ်ဝဏ္ဏစိုး ကပြောပါတယ်။ ဒီဇင်ဘာ(၁၃)ရက် နေပြည်တော်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ နေပြည်တော်မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၅၄၉)ယောက်ရှိခဲ့ပြီး အဲဒီထဲက ဆေးရုံဆင်းခွင့်ရသူကတော့ (၄၂၆)ယောက်ရှိပါတယ်။ သေဆုံးသူကတော့ (၆)ယောက်ရှိပါတယ်။

#Credit – Original Uploader

သတင်း-ငြိမ်းချမ်းအောင်

#OneNewsMyanmar