လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀-လောက်က စစ်ကိုင်းတောင်ရိုး၌ လျှပ်စစ်မီးအလင်းရောင်လည်း ကောင်းစွာမရသေး၊ လမ်းပန်းဆက်သွယ်ရေးလည်း မကောင်းသေး၊ ဆေးရုံဆေးပေးခန်းလည်း မရှိသေးအစစအရာရာ လိုအပ်နေသည့် အချိန်က ဖြစ်၏။ ထိုကဲ့သို့သောအချိန်က ဖြစ်ခဲ့သော ဖြစ်ရပ်တစ်ခု။
ထိုဖြစ်ရပ်သည် “သာသနာ့သမိုင်း၀င် ဖြစ်လာမည့် ဖြစ်ရပ်တစ်ခု”ဟု မည်သူမျှ မထင်ခဲ့ကြ။ ထင်စရာအကြောင်းလည်း မရှိပေ။ တကယ်တော့ ထိုဖြစ်ရပ်သည် အမှတ်မထင် ဖြစ်ခဲ့သည်သာ။ သို့သော် အမှတ်မထင်မှ သမိုင်း၀င်မှတ်တမ်းကြီးတစ်ခု ဖြစ်သွားလေသည်။
“မြွေကိုက်ခံရသည့် သီလရှင်လေး´´
——————
မိုးတစိမ့် စိမ့်ရွာနေသည့် တစ်ခုသော နံနက်ခင်းဝယ် သီလရှင် ဆရာလေးတစ်ပါးသည် နံနက်ဆွမ်း ချက်ရန်အတွက် ထင်းလိုသဖြင့် ထင်းပုံကို လက်နှင့် နှိုက်လိုက်၏။
ထင်းပုံကြား၌ ခွေနေသော မြွေဟောက်က ကိုက်လေတော့၏။ ဆရာလေးသည် မြွေကိုက်ခံရသဖြင့် အဆိပ်တက်ကာ အော်ဟစ်ပြီး မေ့မျော လဲကျသွား လေတော့၏။ ထိုဖြစ်ရပ်ကြောင့် ချောင်ပိုင်သီလရှင် နာယကဆရာကြီးများ ပျာယာခတ်ပြီး ခြေ မကိုင်မိလက်မကိုင်မိ ဖြစ်ကုန်တော့၏။
သို့နှင့် သီလရှင်ချောင်နှင့် မနီးမဝေးကျောင်းတိုက်၌ သီတင်းသုံးလျက်ရှိသည့် ဦးပဉ္စင်းလေးကိုအကူအညီတောင်းပါတော့သည်။ ထိုဦးပဉ္စင်းလေးကလည်း ချက်ချင်း လိုက်သွား၏။ ဦးပဉ္စင်းလေးသည် ထိုသီလရှင်ဆရာလေးကို တတ်စွမ်းသမျှ ကုသပေးလေ၏။ မြွေကိုက်သည့် ဒဏ်ရာ၏အထက်ပိုင်းကို ခါးပန်းကြိုးနှင့် ချည်လိုက်၏။
ဒဏ်ရာကို ဓားနှင့်ခွဲပြီး သွေးကို ညှစ်ထုတ်လိုက်၏။သံပရာသီးနှင့်ဆားကို ရော၍ ဒဏ်ရာကို သိပ်ပေးပြီး ဆရာလေးကိုလည်း ယင်းသံပရာသီးနှင့်ဆားကိုပင်ဖျော်၍ တိုက်လေသည်။
“တောင်ရိုးမှ စစ်ကိုင်းဆေးရုံသို့´´
——————
ထို့နောက် လူနာကို စောင်နှင့်ထုပ်ကာ မြင်းလှည်းဂိတ်သို့ ထမ်းပို့လိုက်ကြ၏။ ထိုအချိန်က စစ်ကိုင်းတောင်ရိုး၏ တစ်ခုတည်းသောပို့ဆောင်ရေးယာဉ်မှာ မြင်းလှည်းများ ဖြစ်ပေသည်။ မနက်အစောကြီး ဖြစ်သောကြောင့် မြင်းလှည်းမရှိရကား မြင်းလှည်းသမားကို အိမ်ထိ သွားခေါ်ရသေး၏။
ထိုမှတဖန် မြင်းလှည်းဖြင့် တောင်ရိုးမှ မိုးမလင်းမီ စစ်ကိုင်းပြည်သူ့ဆေးရုံသို့ သွားကြရလေသည်။ မိုးလင်းသောအခါမှသာ ဆရာဝန်နှင့်သူနာပြုများ၏ ဆေးကုသမှုကို ခံယူရလေသည်။ ဆရာ ဆရာမများ၏ ကုသပေးမှုကြောင့် ကံကောင်းထောက်မစွာ ဆရာလေး အသက် ရှင်ခဲ့လေသည်။ အကယ်၍ ဒဏ်ရာသာ ပြင်းထန်လျှင်အသက်ရှင်သန်ဖို့မလွယ်ကူတော့။
“ပထမဆုံး အကြံအစည်´´
——————-
ထိုကဲသို့ အခက်ခဲပေါင်းမျိုးစုံတွေ့ရခြင်းမှာ စစ်ကိုင်းတောင်ရိုး၌ ဆေးရုံမရှိခြင်း ကြောင့်ဖြစ်ပေသည်။ ဆေးရုံရှိလျှင် အလွယ်တကူ ကုသနိုင်ပေမည်။ ထို့ကြောင့် ဦးပဉ္စင်းလေသည်းသည် “စစ်ကိုင်းတောင်ရိုးမှာ ဆေးရုံရှိသင့်တယ်”ဟု စိတ်ထဲ၌ တွေးမိလေသည်။ ထိုဦးပဉ္စင်းကလေးက အခြားမဟုတ်၊ သီတဂူဆရာတော်လောင်းလျာလေးပင် ဖြစ်ပေသည်။ ထိုအချိန်က ဦးပဉ္စင်းလေးသည် ၁၀-ဝါမျှသာ ရှိသေးသည်။
အနီးစခန်းဆရာတော်ထံ၌ အထက်တန်းပိဋကတ်စာပေနှင့် ဘာသန္တရစာပေများကို လေ့လာဆည်းပူးနေချိန် ဖြစ်သည်။ထို့ကြောင့် ဤဖြစ်ရပ်သည်ကား သီတဂူဆေးရုံဖြစ်ပေါ်ဖို့အတွက် သီတဂူဆရာတော်၏ စိတ်ထဲ၌ ဖြစ်ပေါ်လာသည့် “ပထမဆုံး သန္ဓေ”ပင် ဖြစ်ပေတော့သည်။
“ဒုတိယမ္ပိ ကြံစည်မိ´´
———-
တစ်ခုသော နွေရာသီတွင် သီတဂူဆရာတော်လောင်းလျာ ဦးပဉ္စင်းလေးသည် အလုပ်ကိစ္စတစ်ခုဖြင့် ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းမြို့သို့ ရောက်ခဲ့၏။ ထိုနမ်းခမ်း၌ အမေရိကန်နိုင်ငံသား ခရစ်ယာန်သာသနာပြု ဒေါက်တာဆီးလ်ဂရေး၏ ဆေးရုံကြီး ရှိသည်။ ဦးပဉ္စင်းလေးသည် ထိုဆေးရုံကို တွေ့သောအခါ “ငါတို့နိုင်ငံမှာ ဘာသာခြားဆေးရုံတွေ ရှိနေရင် ငါတို့ ဗုဒ္ဓဘာသာ၀င်ပိုင်ဆေးရုံ၊ အထူသဖြင့် သံဃာ့ဆေးရုံဆိုတာ ရှိသင့်တယ်။ ဘာသာခြားဆေးရုံတွေ ရှိပြီးတော့ ငါတို့ ဗုဒ္ဓဘာသာ၀င်ပိုင်ဆေးရုံမရှိတာဟာ ငါတို့ ဗုဒ္ဓဘာသာ၀င်များရဲ့ အားနည်းချက်ပဲ´´ဟု စဉ်းစားမိခဲ့ပါသည်။
ထို့အပြင် သီတဂူဆရာတော်သည် ရဟန်းငယ်ဘ၀က အူကျရောဂါဖြစ်သဖြင့် ရန်ကုန်မြို့ရှိ ရာမကရစ်ရှနားအသင်းပိုင် ဂန္ဓီဆေးရုံသို့လည်း တက်ရောက်၍ ကုခဲ့၏။ ထိုးဆေးရုံပေါ်၌ ဦးပဉ္စင်းလေးသည်
“ ဗုဒ္ဓဘာသာရဟန်းတော် တစ်ပါးအနေဖြင့် ဘာသာခြားများ၏ ဆေးရုံ၌ တက်ရောက်၍ ကုရခြင်းမှာ သဘာ၀ မကျပါလား၊ ကိုယ့်နိုင်ငံ ကိုယ့်တိုင်းပြည်မှာနေ၍ ဘာသာခြားပိုင်ဆေးရုံမှာ တက်ရသည်မှာ တွေးကြည့်လေ ရှက်စရာကောင်းလေပဲ၊ ဒီတော့ ငါစွမ်းနိုင်တဲ့တနေ့ကျရင် ဆေးရုံဆောက်မယ်´´ဟု စိတ်ကူလိုက်မိလေသည်။ ထိုစိတ်ကူးသည် သီတဂူဆေးရုံများ ဖြစ်ပေါ်လာခြင်း၏ ‘ဒုတိယသန္ဓေ’´´ပင် ဖြစ်သည်။
“တတိယမ္ပိ ကြံစည်မိ´´
—————-
မန္တလေးမြို့ မလွန်ဆန်လှူရေစက်ချပွဲကို နှစ်စဉ် တော်သလင်းလတွင် ကျင်းပ၏။ ထိုမလွန်ဆန်လှူ ရေစက်ချပွဲသို့ လာရောက်ကြသော မြန်မာပြည်တဝှမ်းမှ မလွန် ဆန်လှူ အသင်းထောက် အဖွဲ့၀င်များသည် မန္တလေး စစ်ကိုင်းတို့မှာ သင့်သလို တည်းခိုကြ၏။
ဆရာတော်နှင့်ရင်းနှီးသော တချို့အသင်းဝင်လူများသည် သဒ္ဓမ္မသီတဂူချောင်သို့ လာရောက် တည်းခိုကြ၏။ သီတဂူဆရာတော်သည် စစ်ကိုင်းတောင်ရိုး “သဒ္ဓမ္မသီတဂူချောင်” ကို ၁၃၃၈-ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ ဧရာဝတီတိုင်း မလွန်ဆန်လှူအသင်းထောက်တစ်ခုမှ ဆွမ်းဆန်အလှူရှင် ဒကာကြီးတစ်ယောက်သည် တစ်ညတွင် ဝမ်းလျှောလေ၏။ ဝမ်းအကြိမ်ပေါင်း ၂၇- ကြိမ်သွားလေသည်။
ထို့ကြောင့် သီတဂူဆရာတော်သည် ထိုလူနာကို ရေနွေးပူပူ ပျားရည်ချိုချို နှမ်းဆီမွှေးမွှေး ပတ္တမြားသွေးဆေးတို့ဖြင့် ရော၍တိုက်လေသည်။ ထိုက် သလောက် သက်သာသွားလေ၏။
“သန္နိဋ္ဌာန်ချလေပြီ´´
—————–
သို့သော် လူနာကို စိတ်မချသဖြင့် ညဉ့်နက်သန်းခေါင် အချိန်ကြီး၌ စစ်ကိုင်းဆေးရုံသို့ မြင်းလှည်း ဖြင့် ပို့လိုက်လေသည်။ လူနာ အသက်ချမ်းသာရာ ရဖို့အတွက် အပြေးအလွှား စိတ်မောကိုယ်မောဖြင့် ခက်ရာ ခက်ဆစ်ပို့ရ၏။ ယင်းသို့ပို့ရခြင်းမှာ တောင်ရိုးမှာ ဆေးရုံမရှိသောကြောင့် ဖြစ်ပါသည်။ ထို့ကြောင့် သီတဂူဆရာတော်၏ စိတ်ထဲမှာ “စစ်ကိုင်းတောင်ရိုး မှာဆေးရုံရှိလျှင် ကောင်းမှာပဲ´´တတိယမ္ပိ အကြံဖြစ်မိပြန်ပါသည်။
ထို့ကြောင့် သီတဂူဆရာတော်သည် “ငါတို့နိုင်ငံမှာ ဗုဒ္ဓသားတော် ရဟန်းတော်များ ဦးစီးတဲ့ ဆေးရုံ ရှိသင့်တယ်၊ ငါ စွမ်းနိုင်တဲ့ တနေ့ကျရင် ဆေးရုံဆောက်မည်´´ဟူသော ခိုင်မာသော အဓိဋ္ဌာန် ချလိုက်မိပါသည်။ ဆရာတော်သည် ဘယ်အရာမဆို ဘာသာသာသနာအတွက် အကျိုးများမည်ဆိုလျှင့်
မဖြစ်ဖြစ်အောင် လုပ်လေ့လုပ်ထရှိ၏။
ဆရာတော့်မှာ လုပ်ချင်သည့်ဆန္ဒ (ကရုဏာ)ရှိသကဲ့သို့ လုပ်နိုင်သည့်အရည်အချင်း (ပညာ) လည်း ရှိ၏။ ထို့ကြောင့် သီတဂူဆရာတော်သည်အခက်အခဲပေါင်းများစွာကို ကျော်လွှားပြီး သီတဂူအာယုဒါနဆေးရုံကို ၁၃၅၀-ခုနှစ်တွင် ပန္နက်ရိုက်၍ ၁၃၅၁-ခုနှစ်တွင် တည်ဆောက် ခဲ့ပါသည်။
အမှတ်မထင်ဖြစ်ခဲ့သော အထက်ပါဖြစ်ရပ်နှင့် ဘာသာခြားများ ပိုင်ဆိုင်သည့် ဆီးလ်ဂရေးဆေးရုံ၊ ဂန္ဓီဆေးရုံတို့က သီတဂူဆရာတော်ကို သီတဂူ အာယုဒါနဆေးရုံဆောက်လုပ်ဖို့အတွက် မဖြစ်ဖြစ်အောင် တွန်းပို့ခဲ့ကြပါသည်။
ယနေ့သီတဂူဆေးရုံများ´´
—————-
ယနေ့အချိန်၌ သီတဂူအာယုဒါနဆေးရုံသည် ရဟန်း, သာမဏေ, သူတော်, သီလရှင်, ဗုဒ္ဓဘာသာ၀င် လူအများ၏ အားကိုးရာဖြစ်၍ နေပေတော့သည်။ မန္တလေးမြို့မှ အထူးကုဆရာဝန်ကြီးများကလည်း နေ့စဉ် လုပ်အားဒါန ပြုလုပ်၍ ကုသပေးလျက် ရှိပေသည်။ သဒ္ဓါတရားကောင်းလှသည့် ထိုဆရာ၀န်များကလည်း ဘုရားလက်ထက်က သမားတော်ကြီး ဆရာဇီ၀ကကို အားကျအတုယူဟန်ရှိလေ၏။
ပြည်ပနိုင်ငံအသီးသီးမှ အထူးကုဆရာဝန်ကြီးများကလည်း ဤဆေးရုံကြီးသို့ လာရောက်၍ နှစ်စဉ် နှစ်တိုင်း လုပ်အားဒါနပြုနေကြပါသည်။ဆေးရုံအုပ်,ဆရာဝန်, သူနာပြု ဝန်ထမ်းပေါင်း ၇၀-ကျော်တို့က နေ့စဉ် အတွင်းလူနာ ၈၀-ခန့်၊ အပြင်လူနာ ၂၀ဝ-ခန့်တို့ကို ကုသပေးလျက်ရှိပါသည်။ ယခုအချိန်၌ စစ်ကိုင်းတောင်ရိုးမှာသာမက မြန်မာပြည်တဝှမ်းလုံးမှာ သီတဂူဆေးရုံများ အလျှိုအလျှို ပေါ်ထွန်းလျက်ရှိပေသည်။
ဆရာတော်သည် တိုင်းပြည်နှင့်လူမျိုးကို ကြီးပွားတိုးတက်လိုသော အမျိုးသားရေး စိတ်ဓာတ်ဖြင့် သာသနာပြု ပရဟိတအလုပ်များကို မရပ်မနား ကြိုးစာလုပ်ကိုင်လျက်ရှိ၏။ လေးစားဖွယ် ကြည်ညိုဖွယ် အတုယူဖွယ် ကောင်းလှပေ၏တကား။
“ဆရာတော်၏ ဆုတောင်း´´
—————–
ဆရာတော်၏အောက်ပါ ဆုတောင်းကို ကြည့်ရုံမျှဖြင့် ဆရာတော်၏ ဘာသာ သာသနာကို မည်မျှလောက် တန်ဖိုးထားသည်ဆိုသည်ကို တွေ့မြင်နိုင်ပေသည်။
“လောဘ၏ ကျေးကျွန်အဖြစ် ဘယ်ဘ၀မှာမှ မဖြစ်ရပါလို။ သာသနာတော်၏ ကျေးကျွန်သာ ဖြစ်ရပါလို၏၊ ငါတည်းဟူသော အကြောင်းကြောင့် သူတပါးတို့ ဒုက္ခမဖြစ်ကြပါစေနဲ့၊ ဆင်းရဲဒုက္ခရောက် သူတို့ကို ငါ အစွမ်းရှိသလောက် စောင့်ရှောက်နိုင်ရပါလို၏” ။
{ သီတဂူအရှင်ဒေဝိန္ဒာဘိဝံသ}
ဖြည့်စွက်ချက်>>>>>>>
” သီတဂူဆေးရုံအလှူတော် ”
ဆရာတော်ဘုရားကြီးသည် ဆေးရုံများကို အမျိုးအစားနှစ်မျိုးခွဲ၍ လှူဒါန်းခဲ့သည်။ အာယုဒါန (အာရောဂျဒါန )ဟူ၍ (၂)မျိုးရှိပါသည် အာယုဒါန (အာရောဂျဒါန )များသည် အထွေထွေရောဂါကုပေးသော ဆေးရုံများဖြစ်သည်။စက္ခုဒါနသည် မျက်စိအလင်းပေးသော ဆေးရုံများဖြစ်သည်။ ထိုဆေးရုံများသည် ကျန်းမာရေးစရိတ်မတတ်နိုင်သော ရဟန်းသံဃာတော် သီလရှင်များသာမက၊ဆင်းရဲနွမ်းပါသော ပြည်သူလူထုများအတွက်
အခုမဲ့ဆေးကုသပေးနိုင်ရန် လှူဒါန်းတော်မူခဲ့လေသည်။
စက္ခုဒါနဆေးရုံများသည်လည်း နှစ်စဉ် နိုင်ငံခြားမှ မျက်စိပါတဂူကြီးများနှင့် မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးလျှက်ရှိသည်။ ဆေးကုသပေးလိုက်၍ လောကအလင်းရသွားသော သူများမှာမနည်းတော့ပေ။လစဉ် လူ(၂၀၀ မှ ၃၀၀) ထိမျက်စိခွဲပေးလျှက်ရှိသည် အော် ဆရာတော်ကြီးသည် လောကအမှောင်ဖုံးနေသောသူတွေအတွက် စက္ခုအလင်းတွေ ပေးနေသည်တကား။ကျန်းမားရေးစားရိတ်အခက်အခဲတွေ့နေသော ပြည်သူလူထုများအား သီတဂူအာယုဒါန ဆေးရုံစစ်ကိုင်းသို့ လမ်းညွှန်အပ်ပါသည်။
မိမိ၏ မိခင်ကိုယ်တိုင် စစ်ကိုင်းအာယုဒါ၌ ကုသဖူးသည်။ဆရာဝန်တွေအကုန်လုံးကလည်း ဆရာတော်ကြီး၏ သားတော် သမီးတော်များပီပီ မေတ္တာအပြည့်ဖြင့် ပြောဆို ဆက်ဆံ ကုသပေးကြသည်။သာဓုအကြိမ်ကြိမ်ခေါ်ဆိုအပ်ပါသည်။
အခုအချိန်ထိ ဆရာတော်ကြီးဆောက်လုပ်ခဲ့သော သီတဂူ အာယုဒါန (အာရောဂျဒါန )နှင့် သီတဂူစက္ခုဒါန ဆေးရုံပေါင်း(၃၀)ရှိခဲ့ပြီဖြစ်သည်။ မျက်စိဆေးရုံတစ်ခုတွင်း အတွင်းပစ္စည်းနှင့်အဆောက်အဦတန်ဖိုးသည် အနည်းဆုံးသိန်းပေါင်း(၅၀၀၀) အထက်ရှိသည်။မြေတန်ဖိုးမပါ။
၁။သီတဂူအာယုဒါနဆေးရုံတော်စစ်ကိုင်းတောင်ရိုး(၁၀-၃-၁၉၉၀ ဖွင့်လှစ်ပြီး)
၂။သီတဂူ-ကလေး စက္ခုဒါနဆေးရုံ ၊ ကလေးမြို့စစ်ကိုင်းတိုင်းဒေသကြီး(၂၅-၁၂-၂၀၀၉ ဖွင့်လှစ်ပြီး)
၃။သီတဂူ-ဆားတောင် အာရောဂျဒါနဆေးရုံ၊ ဆောင်းတောင်မြို့ စစ်ကိုင်းတိုင်းဒေသကြီး(၂၆-၂-၂၀၁၀)(ကျန်းမာရေးဝန်ကြီးဌာနသို့အပ်ပြီး)
၄။သီတဂူ-လဟယ်စက္ခုဒါနဆေးရုံ၊လဟယ်မြို့။ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ။(၂၀-၄-၂၀၁၃ ဖွင့်လှစ်ပြီး)
၅။သီတဂူ-ဟုမ္မလင်း စက္ခုဒါနဆေးရုံ၊ဟုမ္မလင်းမြို့။စစ်ကိုင်းတိုင်းဒေသကြီး(၇-၁-၂၀၁၄ ဖွင့်လှစ်ပြီး)
၆။သီတဂူ-ကျွန်းလှ စက္ခုဒါနဆေးရုံ၊ကျွန်းလှမြို့။စစ်ကိုင်းတိုင်းဒေသကြီး။(၂၀-၁၂-၂၀၁၄ ဖွင့်လှစ်ပြီး)
၇။သီတဂူ-နတ်မောက် စက္ခုဒါနဆေးရုံ၊နတ်မောက်မြို့။ မကွေးတိုင်းဒေသကြီး။(၄-၁-၂၀၁၀ ဖွင့်လှစ်ပြီး)
၈။သီတဂူ-ရွှေပြည်ဟိန်း စက္ခုဒါနဆေးရုံ တာမွေမြို့။ရန်ကုန်တိုင်းဒေသကြီး။(၂၇-၂-၂၀၁၁ ဖွင့်လှစ်ပြီး)
၉။သီတဂူ-မြင်းခြံ စက္ခုဒါနဆေးရုံ၊မြင်းခြံမြို့။မန္တလေးတိုင်းဒေသကြီး။(၁-၉-၂၀၁၂)
၁၀။သီတဂူ-အုန်းချော စက္ခုဒါနဆေးရုံ၊ အုန်းချောမြို့နယ်။ မန္တလေးတိုင်းဒေသကြီး။(၇-၄-၂၀၁၅ ဖွင့်လှစ်ပြီး)
၁၁။သီတဂူ-ထားဝယ်အာရောဂျဒါနဆေးရုံ၊ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး။(၁၂-၂-၂၀၁၁ ဖွင့်လှစ်ပြီး)
၁၂။သီတဂူ-မြတောင် စက္ခုဒါနဆေးရုံ၊ပန်းတနော်မြို့၊ ဧရာဝတီတိုင်းဒေသကြီး။(၃-၄-၁၉၉၉ ဖွင့်လှစ်ပြီး)
၁၃။သီတဂူ-မော်ကျွန်း စက္ခုဒါနဆေးရုံ၊မော်လမြိုင်ကျွန်းမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး(၇-၄-၂၀၁၃ ဖွင့်လှစ်ပြီး)
၁၄။သီတဂူ-အစုကြီး စက္ခုဒါနဆေးရုံ၊ဝါးခယ်မမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။(၂၃-၄-၂၀၁၃ ဖွင့်လှစ်ပြီး)
၁၅။သီတဂူ-သဲကုန်း စက္ခုဒါနဆေးရုံ၊သဲကုန်းမြို့နယ်၊ ပဲခူးတိုင်းအနောက်ပိုင်း။(၁၉-၂-၂၀၁၄ ဖွင့်လှစ်ပြီး)
၁၆။သီတဂူ-အုပ်ဖို စက္ခုဒါနဆေးရုံ ၊ အုတ်ဖိုမြို့နယ်၊ပဲခူးတိုင်းအနောက်ပိုင်း(၂၅-၁၁-၂၀၁၄ ဖွင့်လှစ်ပြီး)
၁၇။သီတဂူ-မြစ်ကြီးနား စက္ခုဒါနဆေးရုံ၊မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်။(၁-၁၁-၂၀၁၁ ဖွင့်လှစ်ပြီး)
၁၈။သီတဂူ-လွိုက်ကော် စက္ခုဒါနဆေးရုံ၊လွိုက်ကော်မြို့၊ ကယားပြည်နယ်။(၂၀-၁၂-၂၀၁၁ ဖွင့်လှစ်ပြီး)
၁၉။သီတဂူ-မြိုင်ကြီးငူ အာရောဂျဒါနဆေးရုံ၊မြိုင်ကြီးငူအထူးဒေသ။ ကရင်ပြည်နယ်။(၁၃-၁၁-၂၀၁၁ ဖွင့်လှစ်ပြီး)ကျန်းမာရေးဝန်ကြီးဌာနသို့ အပ်လှူပြီး။
၂၀။သီတဂူ-မင်းတပ် စက္ခုဒါနဆေးရုံ၊မင်းတပ်မြို့၊ချင်းပြည်နယ်။(၂၇-၁၂-၂၀၁၀ ဖွင့်လှစ်ပြီး)
၂၁။သီတဂူ-သီပေါ စက္ခုဒါနဆေးရုံ၊သီပေါမြို့၊ရှမ်းပြည်နယ်မြောက်ပိုင်း။(၁၄-၁၁-၂၀၁၂ ဖွင့်လှစ်ပြီး)
၂၂။သီတဂူ-နမ်းခမ်း စက္ခုဒါနဆေးရုံ၊နမ်းခမ်းမြို့၊ရှမ်းပြည်နယ်မြောက်ပိုင်း။(၂၁-၁၂-၂၀၁၄ ဖွင့်လှစ်ပြီး)
၂၃။သီတဂူ-အင်းလေးအာရောဂျဒါနဆေးရုံ၊ အင်းလေး ၊ဟဲရွာ-ရွာမ။ ရှမ်းပြည်နယ်တောင်ပိုင်း။(၂၃-၄-၂၀၁၁ ဖွင့်လှစ်ပြီး)
၂၄။သီတဂူ-ရပ်စောက် အာရောဂျဒါနဆေးရုံ၊ရပ်စောက်မြို့၊ ရှမ်းပြည်နယ်တောင်ပိုင်း။(၃၁-၃-၂၀၁၃ ဖွင့်လှစ်ပြီး)
၂၅။သီတဂူ-ရင်းငြိမ် အာရောဂျဒါနဆေးရုံ၊ရင်းငြိမ်မြို့။ မွန်ပြည်နယ်။(၃-၁၁-၂၀၀၉ ဖွင့်လှစ်ပြီး)ကျန်းမာရေးဝန်ကြီးဌာနသို့ အပ်လှူပြီး။
၂၆။သီတဂူ-ကျိုက်ထိုအာရောဂျဒါနဆေးရုံ၊ကျိုက်ထြို့မို့။ မွန်ပြည်နယ်။(၂၀-၅-၂၀၁၃ ဖွင့်လှစ်ပြီး)
၂၇။သီတဂူ-သံတွဲ စက္ခုဒါနဆေးရုံ၊သံတွဲမြို့။ရခိုင်ပြည်နယ်။(၂၂-၁၂-၂၀၁၃ ဖွင့်လှစ်ပြီး)
၂၈။သီတဂူ-ပြွန်တန်ဆာ စက္ခုဒါနဆေးရုံ၊ ပြွန်တန်ဆာမြို့။ ပဲခူးတိုင်း(ပြင်ဆင်ဆဲ)
၂၉။သီတဂူ-မြင့်မိုရ်စက္ခုဒါနဆေးရုံ၊မကွေးမြို့။မကွေးတိုင်းဒေသကြီး။(ပြင်ဆင်ဆဲ)
၃၀။သီတဂူ-ဖားကန့် စက္ခုဒါနဆေးရုံ၊ဖားကန့်မြို့။
ကချင်ပြည်နယ်။(ပြင်ဆင်ဆဲ)။
——— ——— **********
သီတဂူအဓိဋ္ဌာန်ငါတို့ဖြစ်ရ ဤလောကဝယ်၊ ဘဝသမိုင်း မရိုင်းစေရန် စိတ်မန်မချ မာနမပါ၊ ဒို့စွမ်းရာဖြင့် ဒို့သာသနာ ဒို့ပြည်ရွာကို သာယာစေမှု လုံ့လပြုအံ့။
{ကျေးဇူးတော်ရှင်သီတဂူဆရာတော်ဘုရားကြီ}
💠အရှင်ပညာစာရ { ကလော }💠
🙏🙏🙏⛲📖📖📖⛲🙏🙏🙏