မန္တလေး မြန်မာ့မီးရထားပို့ဆောင်ရေးက ဝန်ထမ်းအယောက်(၂၀)ခန့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ မန္တလေးဘူတာရုံပိုင်ချုပ်ကြီး ဦးမြင့်သိန်းကပြောပါတယ်။
အခုလို မီးရထားဝန်ထမ်းတွေ ရောဂါပိုးကူးစက်ခံထားရ ပေမယ့်လည်း ရထားသွားလာရေး ပြတ်တောက်မှုမရှိရအောင်တော့ စီစဉ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
“အဓိကလုပ်ဆောင်နေရတာက ပါဆယ်၊ လူစီး ရထားပြေးဆွဲရတာမို့ ကုန်သည်တွေ၊ ကုန်ပို့ဆောင်သူတွေနဲ့ ထိတွေ့နေရတဲ့ ပါဆယ်အလုပ်သမားတွေနဲ့ ရထားလက်မှတ်အရောင်း ဝန်ထမ်းတွေ ၊ လက်မှတ်စစ်ဝန်ထမ်းတွေ ကူးတာရှိတယ်ပေါ့။ အယောက်ပေါင်း(၂၀)ခန့်ရှိပါတယ်။
တချို့က သက်သာပျောက်ကင်းလို့ အိမ်မှာ အနားယူခိုင်း ထားပါတယ်။ မနေ့က ဒီဇင်ဘာ (၁၂)ရက် ညနေလောက်မှာဆိုရင်လည်း မန္တလေးမြစ်ကြီးနားရထား တွဲထိန်း တစ်ယောက် ရွာထောင်ဘူတာ မရောက်ခင် အနံ့ပျောက်တယ်ဆိုပြီး အသိပေးလာလို့ စစ်ကိုင်းတိုင်းကိုဗစ် ကာကွယ်ရေးကနေ သူ့ကိုကြည့်ရှုစောင့်ကြပ်ပြီး ကွာရန်တင်းစင်တာပို့ထားတာရှိပါတယ်။
တစ်ခါ ဒီဇင်ဘာ (၂)ရက်နဲ့ (၃)ရက်က မန္တလေးအမှတ်(၄၁)အဆန်နဲ့ စီးနင်းလိုက်ပါသွားတဲ့ မိုးညှင်းဆင်းခရီးသည်အမျိုးသမီး (၂)ဦးမှာ ပိုးတွေ့တယ်သိရလို့ ရထားလက်မှတ်စစ်၊ တွဲထိန်းစတဲ့ ထိစပ်မှုရှိတဲ့သူတွေကို သူတို့နေအိမ်မှာ Home Quarantine ထားတာတွေလုပ်ခိုင်းထားတယ်”လို့ ဦးမြင့်သိန်း ကပြောပါတယ်။
မန္တလေးဘူတာကနေ ပြေးဆွဲနေတဲ့ ရထားခရီးစဥ်တွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြား ချက်နဲ့အညီ ပြီးခဲ့တဲ့ ဧပြီလကစပြီး ရထားအစင်းရေလျော့ချပြေးဆွဲတာတွေ ဆောင်ရွက်ခဲ့တာပါ။ ဒါ့အပြင် ခရီးသည်တွေ အန္တရာယ်ကင်းစွာစီးနင်းနိုင်ဖို့အတွက်လည်း လက်မှတ်တစ်စောင်ဝယ်ယူပါက ထိုင်ခုံ(၂)ခုံနှုန်းပေး တဲ့အပြင် နှာခေါင်းစည်းတွေတပ်ဆင်ဖို့နဲ့ ဘူတာကြီးအတွင်း လက်ဆေးကန်တွေကိုလည်း ပြုလုပ်ပေးထားတယ် လို့ဆိုပါတယ်။
မနေ့ကအနံ့ပျောက်ခဲ့တဲ့ ရထားတွဲထိန်းလိုက်ခဲ့တဲ့ အမှတ်(၄၁) မန္တလေး-မြစ်ကြီးနား ရထား တစ်စင်းလုံးကိုလည်း ပိုးသတ်ဆေးဖျန်းတာအပြင် ဘူတာပတ်ဝန်းကျင်နဲ့ ရွာထောင်ဘူတာကိုပါ ပိုးသတ်ဆေးဖျန်း တာတွေလုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။
#Credit
သတင်း- မိုးမြင့်
One News Channel
Photo Htainlinn Sgg