မိုင်းရှူး၊ ၁၃ ဒီဇင်ဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်၊ နားစံကျေးရွာအုပ်စု၊ ဝိန်းကောင်ရွာရှိ အသားတိုး ကြက်မွေးမြူရေးခြံတွင် လင်မယားနှစ်ဦး အောက်ဆီဂျင်ပြတ်လပ်မှုကြောင့် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၃ ရက် နံနက် ၉ နာရီခန့်က မိုင်းရှူးမြို့နယ်၊ နားစံကျေးရွာအုပ်စု၊ ဝိန်းကောင်ရွာရှိ အောင်စည်ဟိန်း သီးနှံပွဲရုံရှိ အသားတိုးကြက်ခြံတွင် လင်မယားနှစ်ဦးသေဆုံးကြောင်း နားစံကျေးရွာအုပ်ချုပ်ရေးမှူး၏ ဖုန်းအကြောင်းကြားချက်အရ မိုင်းရှူးမြို့မစခန်းမှူး ဒုရဲမှူး မိုးလွင်ဦးစီးအဖွဲ့၊ နားစံကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ
မိုင်းရှူး-မိုင်းနောင်သွား ကားလမ်းမ မြောက်ဘက်ရှိ အောင်စည်ဟိန်း သီးနှံပွဲရုံဝန်းအတွင်း ပြောင်းစေ့ဂိုဒေါင်အနောက်ဘက်ရှိ အသားတိုးကြက်သားပေါက်များ မီးအပူပေးသည့် ၁၂ ပေ × ၃၀ ပေ မိုးကာနှစ်ထပ် အလုံပိတ် ကာရံထားသည့် ကြက်ခြံအတွင်း၌ ကြက်ပေါက်အကောင်ရေ (၇၀၀)ခန့်နှင့် ပိုင်ရှင်များဖြစ်သည့် ဦးထွန်းကျော်(၄၅)နှစ်၊
၎င်း၏ဇနီး ဒေါ်အားရှင်း (ခ) ဒေါ်အေးဌေး (၅၀)နှစ်တို့အား အောက်ဆီဂျင်ပြတ်ပြီး အိပ်လျက်အနေအထားဖြင့် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ခန္ဓာကိုယ်များတောင့်တင်း၍ သေဆုံးသည်ကို တွေ့ရှိရသဖြင့် ဖြစ်စဉ်နှင့်ပတ်သက်၍ ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်/မဟုတ် လိုအပ်သည်များ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မိုင်းရှူးမြို့မရဲစခန်းမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)