ဗဟုသုတ

တိရစ္ဆာန်တွေက သေသွားတဲ့သူတွေကို ဘယ်လိုနှုတ်ဆက်ကြသလဲ

တိရစ္ဆာန်တွေအနေနဲ့ သေဆုံးသွားတဲ့ တိရစ္ဆာန်တွေကို ဘယ်လို နှုတ်ဆက်ငိုကြွေးကြသလဲဆိုတာ သိကြပါသလား။ မသိသေးရင်တော့ ပြောပြပေးသွားပါမယ်။ တိရိစ္ဆာန်တွေမှာ အသိတရား ရှိလား မရှိဘူးလားဆိုတာကတော့ ဖြေရှင်းရခက်တဲ့ မေးခွန်းပဲဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေရဲ့ ပြောကြားချက်အရ တိရစ္ဆာန်လေးတွေက လူသားတွေလို စိတ်ခံစားမှုတွေ ရှိကြပေမယ့်လည်း သူတို့ ခံစားတတ်မှုက အတိုင်းအတာရှိပါတယ်လို့ ဆိုပါတယ်။

၁။ကျီးကန်း

ကျီးကန်းတွေက သေနေတဲ့အခြားကျီးကန်းတွေကို တွေ့ရင် ထူးထူးဆန်းဆန်းတုံ့ပြန်တတ်ကြတယ်လို့ အရင်တုန်းကတည်းက ယုံကြည်လာကြပါတယ်။

ပုံမှန်ဆိုရင် သူတို့က သေသွားတဲ့ အခြားကျီးကန်းအလောင်းနားမှာ စုပုံလာပြီးတော့ ငှက်ဆိုးထိုးသံနဲ့ အော်လေ့ရှိကြပါတယ်။ ကျီးကန်းတွေက အသုဘကို အဲ့လိုပဲ စီစဉ်ကြတယ်လို့ အချိန်တော်တော်လေးကြာအောင် ယုံကြည်ထားကြပါတယ်။ တကယ်တော့ အဲ့ဒီယုံကြည်မှုကိုလည်း မှန်မမှန် စမ်းသပ်စစ်ဆေးမှုတွေလည်း မလုပ်ခဲ့ဖူးပါဘူး။

ဒါကြောင့် အမေရိကန်သုတေသနပညာရှင် ကေလီဆွပ်စ်က အဲ့ဒါနဲ့ ပတ်သတ်ပြီး မှန်ကန်မှုရှိမရှိ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပထမဆုံးအနေနဲ့ သူမက Seattle ပန်းခြံကိုသွားပြီးတော့ အဲ့မှာရှိတဲ့ ကျီးကန်းတွေကို မြေပဲတွေ လိုက်လံကျွေးမွေးခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ သူမက အဲ့ဒီနေရာကိုပဲ အခြားပုံစံတစ်မျိုးနဲ့ ရောက်လာခဲ့ပါတယ်။

အဲ့ချိန်မှာတော့ သူမက ကြောက်စရာမျက်နာဖုံးကို တပ်ဆင်ထားပြီး လက်ထဲမှာလည်း သေနေတဲ့ ကျီးကန်းတစ်ကောင်ကို သယ်ဆောင်လာခဲ့ပါတယ်။

သူမရဲ့ စမ်းသပ်မှုက သိပ္ပံပညာရှင်အများစုကို အံ့သြသွားစေခဲ့ပါတယ်။ ရလဒ်အနေနဲ့ ဘယ်လိုဖြစ်သလဲဆိုတော့ ကျီးကန်းတစ်ကောင်က သူမအနေနဲ့ ကျီးကန်းအသေတစ်ကောင်ကို သယ်လာတာမြင်တဲ့အခါမှာ အခြားကျီးကန်းတွေအကုန်လုံးကို အချက်ပေး အကြောင်းကြားခဲ့ပါတယ်။

အခြားကျီးကန်းတွေ အကုန်လုံးလည်း ရောက်လာကြပြီးတော့ သူမကို သစ်ပင်ပေါ်ကနေ အကုန်ကြည့်ပြီး ဝိုင်းအော်ခဲ့ကြပါတယ်။ ကေလီကတော့ အဲ့ဒါနဲ့ပတ်သတ်ပြီး “ကျီးကန်းတွေက သူတို့ရဲ့ အဖော် မိသားစုဝင်တွေကို ကြုံတွေ့လာနိုင်တဲ့ အန္တရာယ်နဲ့ပတ်သတ်ပြီး သတိပေးကြတယ်” လို့ ဆိုပါတယ်။ ဒါပေမယ့် အဲ့ထက် အံ့သြစရာကောင်းတာ ရှိနေပါသေးတယ်။ နောက်နေ့မှာတော့ ကေလီက သာမန်ပုံစံနဲ့ အစာသွားကျွေးတဲ့အခါမှာ ကျီးကန်းတွေ အစာကို စားခဲ့ကြပါတယ်။

ဒါပေမယ့် သူတို့အနေနဲ့ ကြောက်စိတ်နည်းနည်းတော့ ရှိနေကြပါတယ်။ ဒါနဲ့ နောက်နေ့မှာ မျက်နာဖုံးစွပ်ပြီး ထပ်သွားတဲ့အခါမှာတော့ အရမ်းအံံ့သြစရာတစ်ခု ကြုံတွေ့ခဲ့ပါတယ်။ ကျီးကန်းတွေက မျက်နာဖုံးနဲ့ သူမကိုတော့ ကောင်းကောင်းမှတ်မိပြီး သူမကို အဲ့နယ်မြေကနေ ထွက်သွားဖို့ အော်ပြီး မောင်းထုတ်ကြပါတယ်။ အဲ့ဒါကိုကြည့််ခြင်းအားဖြင့် ကျီးကန်းတွေရဲ့ စိတ်ခံစားမှုနဲ့ အသိတရားတွေကို တွေ့မြင်နိုင်ပါတယ်။

၂။ပင်ကွင်း

အန္တာတိကတိုက်မှာ နေထိုင်နေကြတဲ့ ပင်ကွင်းတွေဟာ ဆိုးရွားလွန်းလှတဲ့ ရာသီဥတုတွေမှာ နေသားကျနေကြပါပြီ။

ဆောင်းတွင်းမှာဆိုရင် အအေးဒဏ်က အနုတ် ၄၀ ဒီဂရီထိ ရောက်နိုင်ပေမယ့်လည်း ပင်ကွင်းတွေရဲ့ အမွှေးအတောင်တွေက အဲ့ဒီအအေးဒဏ်ကို ကာကွယ်ပေးပါတယ်။ အဲ့ဒါအပြင်ကို ပင်ကွင်းလေးတွေက အဖွဲ့လိုက် စုစည်းပြီးတော့ နွေးထွေးအောင်လည်း ပြုလုပ်ကြပါတယ်။

သိတဲ့အတိုင်း အလယ်မှာ ရောက်နေတဲ့ ပင်ကွင်းတွေက ကံကောင်းပြီးတော့ အအေးဒဏ်ကနေ ကာကွယ်မှု အပြည့်ရကြပေမယ့် ဘေးစွန်းမှာရောက်နေတဲ့ ပင်ကွင်းလေးတွေအတွက်တော့ ကံမကောင်းလှပါဘူး။

အဲ့ဒါနဲ့ ပတ်သတ်ပြီး ပင်ကွင်းတွေက နည်းလမ်းတစ်ခုကို ရှာဖွေဖန်တီးခဲ့ပါတယ်။ အဲ့ဒါကတော့ ပင်ကွင်းတိုင်း အနွေးဓာတ်ရအောင် အလှည့်ကျ နေရာပြောင်းတာမျိုးတွေကို လုပ်ကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ပင်ကွင်းကလေးငယ်လေးတွေကတော့ အရမ်းကို ကံမကောင်းလှပါဘူး။

ဘာလို့လဲဆိုတော့သူတို့တွေက အအေးဒဏ်ကြောင့်လည်း သေဆုံးသွားနိုင်သလို မတော်တဆ တက်နင်းမိပြီးလည်း သေဆုံးသွားနိုင်ပါတယ်။

ခုမြင်တွေ့နေရတဲ့ ပင်ကွင်းကလေးကတော့ ခုလို အအေးဒဏ်တွေကြားမှာ သေဆုံးသွားခဲ့ပြီး သူ့မိခင်က အဲ့ဒါကို တွေ့သွားတဲ့အခါမှာတော့ အရမ်းနောက်ကျနေခဲ့ပါပြီ။ ပင်ကွင်းမိခင်ကြီးကတော့ သူ့ကလေးကို နိုးလာအောင် အချိန်အနည်းငယ်ကြာ နုတ်သီးနဲ့ ထိုးဆိတ်တာမျိုးတွေ လုပ်ပြီးတော့ ငိုကြွေးနေခဲ့ပါတယ်။

ခဏအကြာမှာတော့ နောက်ထပ် ပင်ကွင်းအမတစ်ကောင်ရောက်လာပြီးတော့ သူမကို ပွတ်သပ်ကာ နှစ်သိမ့်ပေးနေတာကို တွေ့လိုက်ရပါတယ်။ အဲ့ဒီမြင်ကွင်းကို ကြည့်ပြီးတော့ မျက်ရည်မကျအောင် ထိန်းထားဖို့ဆိုတာ တော်တော်လေး ခက်ပါလိမ့်မယ်။

လန်ဂါမျောက်

လန်ဂါမျောက်တွေက အိန္ဒိယမှာနေထိုင်ကြတဲ့မျိုးစိတ်တွေဖြစ်ပြီး အဲ့ဒီမျောက်တွေကို စမ်းသပ်မှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီစမ်းသပ်မှုမှာ တွေ့ရှိခဲ့တာကတော့ လန်ဂါမျောက်တွေက သေသွားတဲ့သူတို့ မိသားစုဝင်တွေအတွက် လူတွေလိုပဲ ပူဆွေးငိုကြွေးတတ်တယ်ဆိုတာပဲဖြစ်ပါတယ်။ လေ့လာစမ်းသပ်တဲ့သူတွေက မျက်လုံးမှာ ကင်မရာတပ်ထားတဲ့ စက်ရုပ်မျောက်လေးတစ်ကောင်ကို တောထဲက တစ်နေရာမှာ ချထားခဲ့ပါတယ်။

အဲ့ချိန်မှာ မျောက်တစ်ကောင်က အဲ့ဒီစက်ရုပ်မျောက်ကလေးကို တွေ့သွားပြီး ကောက်ကိုင်ခဲ့ပါတယ်။ နောက်တော့ သူ့လက်ထဲကနေ မျောက်ကလေးက မတော်တဆအောက်ပြုတ်ကျသွားခဲ့ပါတယ်။

မျောက်လေးက စက်ရုပ်ဖြစ်နေတာကြောင့် အောက်ကျသွားတော့ အသက်မရှိတော့တဲ့ ပုံစံမျိုး မြေပြင်ပေါ်မှာ လဲနေခဲ့ပါတယ်။ အဲ့ဒါနဲ့ သူ့ကို မတော်တဆလွှတ်ချမိတဲ့ မျောက်ကြီးက သူမတော်တဆ မျောက်ကလေးကို သတ်လိုက်မိပြီဆို ဝမ်းနည်းငိုကြွေးခဲ့ပါတယ်။

ပြီးတော့ အခြားမျောက်တွေလည်း စုပြုံလာပြီးတော့ မျောက်ကလေးအလောင်းကို ရှူနမ်းကား ငိုကြွေးနေတဲ့ မျောက်ကို နှစ်သိမ့်ကြပါတော့တယ်။

သေသွားတဲ့ စက်ရုပ်မျောက်လေးကို ကြည့်ပြီးတော့ မိခင်မျောက်မကြီးက သူ့ကလေးတွေကို ဖွေ့ဖတ်နှစ်သိမ့်လိုက်ပုံကတော့ ကျမတို့ လူသားတွေလိုပါပဲ။ ဒီဗီဒိယိုကြည့်ပြီးရင် တိရစ္ဆာန်တွေမှာလည်း ခံစားချက်မရှိဘူးလို့ ပြောလို့ မရတော့ပါဘူး။ အင်တာနက်ပေါ်မှာလည်း အဲ့ဒီဗီဒီယိုကြည့်ပြီးတော့ မျောက်တွေရဲ့ စိတ်ခံစားချက်အပေါ် အကုန် အံ့သြခဲ့ကြရပါတယ်။

ဒါပေမယ့်လည်း အခြားတစ်ဖက်မှာ ခုလိုမျောက်တွေအပေါ် စမ်းသပ်မှုပြုလုပ်တာကလည်း မတရားရာကျပါတယ်လို့ ဝေဖန်မှုတွေရှိနေပါတယ်။ ဘာလို့လဲဆိုတော့ မျောက်တွေအနေနဲ့ သူသတ်လိုက်လို့ သေသွားတယ်ဆိုပြီး သူတို့ဘဝတစ်လျှောက်လုံး ကိုယ့်ဟာကိုယ်အပြစ်တင်နေမိတော့မှာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေက တိရစ္ဆာတွေအနေနဲ့ အပြစ်လုပ်မိတာကို မခံစားတတ်ကြဘူးလို့ ဆိုကြပြန်ပါတယ်။ ပရိသတ်တို့ကော ဘယ်လိုထင်လဲ။ သူတို့တွေက အပြစ်ကို အပြစ်လို့ နားလည်သဘောပေါက်ကြတယ်လို့ ထင်ပါသလား။

ဆင်

သင်တို့တွေ သိကြတဲ့အတိုင်း ဆင်တွေက သူတို့ မိသားစုဝင်တွေကိုဆိုရင် အရမ်းတွယ်တာ ချစ်ခင်ကြပါတယ်။ ဆင်တွေက အကူအညီလိုနေတဲ့ ဆင်လေးတွေကို ကူညီပေးတဲ့အပြင် သေသွားတဲ့ ဆင်တွေကိုလည်း သူတို့နည်း သူတို့ဟန်နဲ့ ဝမ်းနည်းပူဆွေးလေ့ရှိကြပါတယ်။ ခုဗီဒီယိုမှာ သေသွားတဲ့ ဆင်လေးအတွက် အသုဘ ပြုလုပ်ပေးနေတဲ့ ဆင်အုပ်စုကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။

ဆင်တွေက သေသွားတဲ့ ဆင်တွေကို သူတို့ရဲ့ နှာမောင်းတွေနဲ့ ပွတ်သတ်ပေးလေ့ရှိကြပြီး အလောင်းပေါ်ကို သစ်ရွက်တွေ မြေကြီးတွေ ဖုံးပေးကြပါတယ်။ နောက်ပြီး သူတို့ရဲ့ အုပ်ဂူ တစ်နည်းအားဖြင့် သူတို့ သေသွားတဲ့နေရာကို ရက်အနည်းငယ်ကြာအောင် သွားရောက် ဂါဝရာ ပြုလေ့ရှိပါတယ်။

အဲ့ထက်ပိုပြီး အံ့သြဖို့ကောင်းတာက ဆင်တွေက သေပြီးကြာနေပြီဖြစ်တဲ့ ဆင်အရိုးတွေကို တွေ့ခဲ့ရင်လည်း အဲ့နားမှာ ဆင်တွေ စုဝေးလာကြပြီး အဲ့ဒီအရိုးကို သူတို့ နှာမောင်းနဲ့ သယ်ယူသွားလေ့ရှိကြပါတယ်။ ဒါတွေကိုကြည့်ခြင်းအားဖြင့် ဆင်တွေက သေခြင်းတရားကို နားလည်ပြီး သေသွားတဲ့ သူတို့ မိသားစုဝင်တွေအပေါ် ဝမ်းနည်ပူဆွေးတတ်ကြတယ်ဆိုတာကို သိနိုင်ပါတယ်။

ချင်ပန်ဇီ

ခုပြောပြပေးသွားမှာကတော့ လေ့လာစမ်းသပ်မှုတစ်ခုမဟုတ်ပဲ တိရစ္ဆာရုံထဲက အဖြစ်အပျက်ကို မှတ်တမ်းတင် ရိုက်ကူးထားတာပဲဖြစ်ပါတယ်။

ခုအကြောင်းအရာကို စမပြောခင် သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ ချင်ပန်ဇီမျောက်တွေက လူတွေနဲ့ DNA ၉၀ ရာခိုင်နှုန်းလောက်တူတယ်လို့ ဆိုကြပါတယ်။ အဲ့ဒါက ချင်ပန်ဇီတွေအနေနဲ့ တစ်ကောင်နဲ့ တစ်ကောင် နားလည်အောင် လက်ဟန်အမူအယာနဲ့ စကားပြောတတ်ကြသလို ဆုံးဖြတ်ချက်ကိုလည်း စဉ်းစားချင့်ချိန်ပြီး ချတတ်တယ်လို့ ဆိုလိုပါတယ်။

ခုပြပေးသွားမယ့် ဗီဒီယိုကတော့ အာဖရိကက ဇန်ဘီယာ မှာ ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ လေ့လာရေးသမားတစ်စုဟာ ခြံစည်းတွေကာထားတဲ့ နေရာတစ်ခုမှာ လုံးဝအံ့သြစရာကောင်းတဲ့အရာတစ်ခုကို တွေ့ရှိခဲ့ပါတယ်။

ပထမတော့ ချင်ပန်ဇီနှစ်ကောင်က သေသွားတဲ့ ၉ နှစ်သားအရွယ် ချင်ပန်ဇီတစ်ကောင်ကို တွေ့ခဲ့ပြီး မကြာခင်မှာပဲ အခြားချင်ပန်ဇီတွေကလည်း မိနစ်အနည်းငယ်အတွင်း ရောက်လာခဲ့ကြပါတယ်။

အချိန်တော်တော်လေးကြာအောင် ချင်ပန်ဇီတွေအကုန်လုံးလည်း ငြိမ်သက်သွားကြပါတယ်။ တကယ် အသုဘတက်ရောက်နေသလိုပါပဲ။ သေသွားတဲ့ ချင်ပန်ဇီကိုလည်း ကိုင်တွယ်ထိတွေ့ကြည့်ပြီးတော့ နှမ်းကြည့်တာတွေ လုပ်ကြပါတယ်။

မကြာခင်မှာပဲ မိခင်ကြီးက သေသွားတဲ့သူ့သားကို ပွေ့ချီလာပြီးတော့ အခြားချင်ပန်ဇီတွေနဲ့ ဝေးရာကို သယ်သွားပြီး ဝမ်းနည်းပူဆွေးနေခဲ့ပါတယ်။ ဒါပေမယ့်လည်း သိပ္ပံပညာရှင်တွေက တိရစ္ဆာန်တွေအနေနဲ့ ဝမ်းနည်းပူဆွေးတတ်လား မတတ်ဘူးလားဆိုတာက သေချာ အဖြေရှာလို့ မရသေးပါဘူးလို့ ဆိုကြပါတယ်။

ပိုင်းလော့ ဝေလငါး

ပိုင်းလော့ ဝေလငါး ဒါမှမဟုတ် တစ်နည်းအားဖြင့် ငါးမည်းကြီးတွေဟာ သိတတ်နားလည်တဲ့ နို့တိုက်သတ္တဝါမျိုးတွေဖြစ်ပြီး သူတို့ရဲ့ ဦးနှောက်တွေက လူတွေရဲ့ ဦးနှောက်ထက် နှစ်ဆလောက်ပိုကြီးပါတယ်။

တွေးခေါ်နိုင်စွမ်းမှာတော့ သူတို့က ကျမတို့ လူသားတွေထက် မသာလွန်ပေမယ့် တိရစ္ဆာန်တွေထဲမှာတော့ သူတို့က တော်တော်လေး ဉာဏ်ကောင်းလှပါတယ်။

ဘယ်လိုမျိုးလဲဆိုတော့ သူတို့က သူတို့မိသားစုဝင်တွေ ဒုက္ခရောက်နေပြီဆိုရင် ဘယ်တော့မှ ပစ်မထားခဲ့ပါဘူး။ တစ်ခါတစ်လေတော့လည်း ဝမ်းနည်းစရာဇာတ်သိမ်းမျိုးတွေ ကြုံရတတ်ပါတယ်။ ခုဗီဒီယိုမှာ တွေ့ရတာကတော့ ပိုင်းလော့ဝေလငါးမိခင်ကြီးက သူ့ကလေး သေသွားတာကို ဝမ်းနည်းပူဆွေးနေပြီးတော့ သူသွားရာတစ်လျှောက်သယ်သွားပါတော့တယ်။

အဲ့ဒီမြင်ကွင်းကို မြင်ပြီး ကျမတို့လည်း ဝမ်းမနည်းပဲ မနေနိုင်ပါဘူး။ အထူးသဖြင့် သူတို့တွေ သေဆုံးရတာဆိုတာက လူသားတွေကြောင့်ပဲလို့ တွေးကြည့်မိလိုက်ရင် ခုမြင်ကွင်းက ပိုလို့တောင် ဝမ်းနည်းကြေကွဲစရာကောင်းလှပါတယ်။

လင်းပိုင်

လင်းပိုင်တွေကတော့ ပရိသတ်တို့ သိကြတဲ့အတိုင်း လူတွေကို နားလည်တတ်ကြပြီး လူတွေ လုပ်သလို လိုက်လုပ်တတ်ကြသလို လူတွေလိုလည်း အသိဉာဏ်ရှိကြပါတယ်။

ခုပြပေးသွားမယ့် ဗီဒီယိုကိုတော့ မယ်ဒီတာရေးနီးယမ်း ပင်လယ်ပြင်မှာ လေ့လာရေးအဖွဲ့တစ်စုက ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ အဲ့ဒီဗီဒီယိုကို အင်တာနက်ပေါ်တင်လိုက်တဲ့အခါမှာတော့ သိပ္ပံပညာရှင်အများစုက လင်းပိုင်တွေအနေနဲ့ ဝမ်းနည်ပူဆွေးတတ်ကြရဲ့လားဆိုပြီး မေးခွန်းထုတ်လာကြပါတယ်။

ဒါဆို ခုဗီဒီယိုမှာ မြင်တွေ့နေရတဲ့ လင်းပိုင်းတစ်ကောင်ရဲ့ အဖြစ်အပျက်ကို ဘယ်လိုရှင်းပြရမလဲနော်။ အဲ့ဒီလင်းပိုင်ကတော့ သေသွားတဲ့ သူ့အဖော်လင်းပိုင်တစ်ကောင်ကို ပြန်လည်အသက်ရှင်လာအောင်လို့ သူ့နားမှာ တစ်နာရီနီးပါး ကူးခတ်ကာ သူ့ကို လှုပ်နိုးနေခဲ့ပါတယ်။

တချို့ပြောကြားချက်တွေအရ လင်းပိုင်မိခင်တွေက သေဆုံးသွားတဲ့ သူတို့ကလေးတွေကို ကိုက်ချီပြီးတော့ ရက်ပေါင်းများစွာ သွားလာလေ့ရှိပါတယ်လို့ ဆိုပါတယ်။

Seeဒါပေမယ့်လည်း သိပ္ပံပညာရှင်တော်တော်များများကတော့ တိရစ္ဆာန်တွေအနေနဲ့ လူတွေလို ဝမ်းနည်းပူဆွေးတတ်လားဆိုတာ သက်သေပြဖို့ ခက်ခဲနေခဲ့ပါတယ်။ အဲ့ဒါကလည်း လူတွေအနေနဲ့ တိရစ္ဆာန်တွေကို စကားတိုက်ရိုက်ပြောပြီး မေးခွန်းမမေးနိုင်လို့လည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း သိပ္ပံပညာရှင်တွေက သူတို့ မြင်တွေ့တာတွေကိုပဲ အဖြေရှာ ကောက်နုတ်ရတာပဲဖြစ်ပါတယ်။

Credit Shwe Nyan Shin