မြဝတီ၊ ဒီဇင်ဘာ ၁၂
News Ambassador
ဒီဇင်ဘာ ၁၁ ရက်နေ့ညနေက ကရင်ပြည်နယ် မြဝတီမြို့တွင် ထိုင်းဘက်မှ မြန်မာဘက်သို့ ခိုးသွင်းထားသော တရားမဝင် လိုင်စင်မဲ့မော်တော်ယာဉ် ၆၈ စီးကို နေအိမ်ခြံဝင်း ၃ ခုအတွင်းမှ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
မြဝတီရှိ ရှေ့တန်းမှူး နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဒီဇင်ဘာ ၁၁ ရက်နေ့ညနေ ၅ နာရီခန့်က မြဝတီမြို့ အမှတ် ၅ ရပ်ကွက် မြတ်လင်းအေးမြိုင်လမ်းရှိ ဦးသန်းဝင်း (ငှားရမ်းထားသူ ကိုကုလား) ၏ ခြံအတွင်းသို့ ဝင်ရောက်ရှာဖွေရာ
တရားမဝင်ခိုးသွင်းထားသော လိုင်စင်မဲ့မော်တော်ယာဉ် Hijet ၁၉ စီး၊ Air Wave ၁ စီး၊ Super Custon ၁ စီး၊ Light Truck ၂ စီး စုစုပေါင်း ၂၃ စီးကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် အဆိုပါ မြတ်လင်းအေးမြိုင်လမ်းရှိ ဦးသောင်းတင် ဆိုသူ၏ ခြံဝင်းအား ဝင်ရောက်စစ်ဆေးရာ Hijet အဖြူရောင် ၉ စီး၊ Hondar Fit ၁ စီး၊ Wish ၁ စီး၊ အင်ဆိုက် ၁စီး၊ Crown ၁ စီး၊ Light Truck ၁ စီး စုစုပေါင်း ၁၄ စီး အားတွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ဆက်လက်၍ ပူးပေါင်းအဖွဲ့သည် အမှတ် ၅ ရပ်ကွက် မင်းပြည့်စုံကုမ္ပဏီဝင်းအတွင်းရှိ ဂိုထောင်အား ဝင်ရောက်စစ်ဆေးရာ Blugar အမျိုးအစားမော်တော်ယာဉ် ၇ စီး၊ Konpreessor ၁ စီး၊ မစ်ဆူဘီရှီ ၁ စီး၊ Tallblazer ၁စီး၊ Ford ၁ စီး၊ Prado ၂ စီး၊ ဟီးနိုး ၆ ဘီး ၂ စီး၊ Hummer ၁ စီး၊ Hlace ၁ စီး၊
Delica ၁ စီး၊ Alphard ၁ စီး၊ Mazda ၁စီး၊ CRV ၂စီး၊ ပါဂျဲရိုး ၁စီး၊ ဘော်စတွန် ၁စီး ၊ အေဒီဘမ် ၁ စီး၊ Peugeot ၁စီး ၊ Caravan ၁စီး၊ Wish ၁ စီး၊ Surf ၁ စီး အပါအဝင် စုစုပေါင်း လိုင်စင်မဲ့မော်တော်ယာဉ် ၃၁ စီးကို ပိုင်ရှင် ဦးလှမြင့်ကိုယ်စား ကုမ္ပဏီဝန်ထမ်း အသက် ၂၇ နှစ်အရွယ် သန်းထွန်း ဆိုသူထံမှ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
သို့ဖြစ်၍ သောင်ရင်းမြစ်ဖြတ်ကျော်ပြီး တရားမဝင်ခိုးကူးထားသော မော်တော်ယာဉ်(၆၈)စီးနှင့် ပတ်သက်၍ အဆင့်ဆင့်စစ်ဆေးဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု မြဝတီရဲစခန်းမှ သိရသည်။
ကိုဝင်းဇော်(မြဝတီ)