တရုတ်ထုတ် Test Kit များဖြင့် လူတယောက် ကျပ် ၆ သောင်းယူ၍ ကိုဗစ်ပိုး ရှိ မရှိ စစ်ဆေးပေးသူမှာ ဆရာဝန်တဦးဖြစ်နေ
ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်တွင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ထောက်ခံချက်မရှိသော Test Kit များဖြင့် လူတဦးလျှင် ကျပ်ငွေ ၆ဝဝဝဝ ယူကာ အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေးပေးနေသူသည် ဆ/မ ကိုင်ဆောင်ထားသည့် ဆရာဝန်တဦးဖြစ်ကြောင်း ဗိုလ်တထောင်မြို့မရဲစခန်းမှ သိရသည်။
”စစ်ဆေးချက်အရတော့ သူက ဆ/မ ကိုင်ဆောင်ထားတဲ့ ဆရာဝန်တယောက်ပါ။ ဆက်လက်စစ်ဆေးတုန်း ရှိပါသေးတယ်။ ဒါတဦးတယောက်ထဲ လုပ်တာမျိုးမဖြစ်နိုင်တဲ့အတွက် သူနဲ့ဆက်စပ်တဲ့အဖွဲ့တွေကို ကွင်းဆက်လိုက်နေပါတယ်။ လက်ရှိကတော့ ဗိုလ်တထောင် မြို့မရဲ့စခန်းမှာ ချုပ်ထားပြီးစစ်ဆေးမှုတွေ လုပ်နေတယ်”ဟု ဗိုလ်တထောင်မြို့မရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ဖြစ်စဉ်မှာ ဗိုလ်တထောင်မြို့နယ်နေ ကုမ္ပဏီဝန်ထမ်းတဦးက ၎င်း၌ကိုဗစ်ရောဂါပိုးရှိနေသည်ဟုဆိုကာ မြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ လာရောက်ဆေးကုသမှုခံယူရာတွင် မည်သည့်နေရာတွင် Quarantine ဝင်၍ မည်သို့စစ်ဆေးခဲ့ကြောင်း လူတဦးက test kit များဖြင့် အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေးပေးသည့်ကိစ္စ ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထို့ကြောင့် ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန၊ ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး အိမ်တိုင်ရာရောက် လိုက်လံစစ်ဆေးသူထံ ဆက်သွယ်၍ အသွင်ယူဆက်သွယ်သည့်အခါ ဒီဇင်ဘာ ၈ ရက် နေ့လယ်ပိုင်းတွင် အဆိုပါဆရာဝန်ကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
”ဆ/မ ကိုင်ထားတဲ့ ဆရာဝန်တဦးဖြစ်ပြီး အပြင် ဓာတ်ခွဲခန်းတခုမှာ အလုပ်လုပ်တယ်လို့ သိရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံဆေးကောင်စီအနေနဲ့ကတော့ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်အရေးယူမှာဖြစ်တယ်။ သူ့ရဲ့နောက်ဆက်တွဲ ကွင်းဆက်ဖော်ထုတ်မှုအတွက်ဆိုရင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ စွမ်းဆောင်ရည်နဲ့ စစ်ဆေးချက်အပေါ်မူတည်ပါတယ်”ဟု ဗိုလ်တထောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဒေါ်ဇင်မင်းမင်းလတ်က ပြောသည်။
မြန်မာနိုင်ငံတွင် ကိုဗစ်ရောဂါ ရှိ/မရှိ စစ်ဆေးခြင်း ကုသခြင်းနှင့်စပ်လျဉ်း၍ ပုဂ္ဂလိကဆေးရုံများ၊ ဆရာဝန်များအား တရားဝင်ခွင့်ပြုပေးထားခြင်းမရှိသေးဘဲ ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံ သုံးရုံနှင့် ဓာတ်ခွဲခန်းတခုအား ခွင့်ပြုပေးနိုင်ရန် တိုင်း ကျန်းမာရေးဦးစီးဌာနမှ ပြည်ထောင်စုအဆင့်သို့ တင်ပြထားဆဲရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက် တာထွန်းမြင့်က ပြောသည်။
လက်ရှိတွင် အဆိုပါ ဆရာဝန်အား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေဖြင့် ဗိုလ်တထောင်မြို့နယ်ရဲစခန်းတွင် အမှုဖွင့်အရေးယူထားသည်။
#Credit – ကျော်သူ
#News Watch