ဗဟုသုတ

ရေငံပိုင် ဦးရှင်ကြီးနဲ့ မိန်းမလှကျွန်းက မိကျောင်းတွေရဲ့ ထူးခြားတဲ့ ပတ်သက်ဆက်နွယ်မှုများ

ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွင် ဦးရှင်ကြီးသည် ကိုးကွယ်ကြသော ထင်ရှားသော နတ်တစ်ပါးဖြစ်သည်။ ရေလမ်းခရီးကို စောင့် ရှောက်သည့် နတ်တစ်ပါး ဖြစ်သည်ဟု အများ က ယုံကြည် ကြပါ သည်။ သူ၏ ရုပ်ထုကို ကျားသို့မဟုတ် မိကျောင်း တစ်ကောင်နှင့် တွဲဖက် ထုလုပ်လေ့ရှိပြီး တစ်ခါတရံတွင် စောင်းကိုင်ထားသည့် ပုံ ပြလေ့ ရှိသည်။သူသည် နဂိုမူလက ပဲခူးဒေသရှိ ကစင်ရွာမှ စောင်းသမား ဖြစ်သည်။

ပါးစပ်ပြော ရာဇဝင်များတွင် သူနှင့် အပေါင်းအပါ သစ်ခုတ်သမားများ အစားအစာရှာဖွေရာတွင် မိန်းမလှကျွန်းသို့ ရောက်ရှိသွားကြသည်။ သူ၏ စောင်းသံသည် နတ်ညီအစ်မနှစ်ယောက်ကို နှစ်သက်ခဲ့သဖြင့် သူမတို့ကသူတို့၏ လှေကိုထွက်ခွာခွင့် မပြုခဲ့ပေ။ နောက် ဆုံး သူ၏ အသက်ကို စတေးမှ လှေအား ထွက်ခွာခွင့် ပြုခဲ့သည်။ သူသည် ကွယ်လွန်ပြီးနောက် နတ်ဖြစ်ခဲ့သည်။

ဦးရှင်ကြီးနတ်ပွဲအား ပုံမှန်အားဖြင့်မတ်လတွင်ကျင်းပလေ့ရှိသည်။ရေငန်ပိုင် ဦးရှင်ကြီး သမိုင်းနှင့် ပတ်သတ်ပြီး မိန်းမလှကျွန်း သည် မြစ်ဝကျွန်းပေါ် ဒေသတွင် အထူး ထင်ရှား ကျော်စောသော ကျွန်းဖြစ်သည်။ မွန် စာပေအက္ခရာတွင် မိန်မ္လဟုရေးသား၍ အဓိပ္ပါယ်မှာ မြရာပင်များ ပေါက်သောကျွန်း ဟု ခေါ်သည်။

ထိုမိန်းမလှကျွန်း တောင်ဖက်တွင်လဲ ကျွန်းညိုကြီး ဟူသော ကျွန်းလည်း ရှိသေးသည် ။ ကျွန်းညိုကြီးတွင် ယခုအခါ လူနေ အိမ်ခြေစည်ကားလျက် ကျွန်းညိုရွာ ဟုခေါ်ကြသည်။ သမိုင်း ဖြစ်စဉ်တွင် ဘုရင်နှင့် သက္ကရာဇ်ကို မသိရ။

ရာမညတိုင်း မွန်လူမျိုးတို့ ကောင်း စားစဉ်အခါက ပဲခူးနယ် ကစင်ရွာ (အချို့က စည်တီးရွာ) သား မောင်ရှင် သည် အ သက် အရွယ် ငယ်စဉ် အခါက ဖခင်သူကြီး ကွယ်လွန် သွား၍ ဆင်းရဲ နွမ်းပါးပြီး သူ၏ ထူးချွန်စွာ တတ်မြောက်သော စောင်း ပညာဖြင့် ငွေကြေးရှာ ဖွေပြီး မိခင်မုဆိုးမ ဒေါ်ဖြူကို ကျွေးမွေးရရှာသည်။

မောင်ရှင်ကို သာမဏေမပြုရသေးသောကြောင့် ဒေါ်ဖြူက သူ၏ ခင်ပွန်း မကွယ်လွန်မီ ကောင်းစားခဲ့အခါက အစ်မဖြစ်သူ ဒေါ်သူကို ငွေသုံးပိဿာ ချေးငှားထားခဲ့ ဖူးသည်ကို သတိရ၍ ယခုအခါ ဒေါ်သူမှာ ကြွယ်ဝ ချမ်းသာနေပြီ ဖြစ်သောကြောင့် သားကလေးရှင်ပြုရန်အတွက်သွားရောက် တောင်းဆိုခဲ့ရာ ဒေါ်သူက အမျိုးမျိုးဆဲဆိုကြိမ်းမောင်း၍ နှိပ်စက် လွှတ်လိုက်သည့် အတွက် ရှက်လည်းရှက် စိတ်လည်းနာ၍ သားအမိနှစ်ယောက်သည် ဒလမြို့သို့ လာရောက်နေထိုင်ကြရာ မောင်ရှင်က ရှင်သာမဏေ ပြုရန် ငွေကြေးရအောင် မျော ခုတ်သမား လှေထိုးသား အဖြစ် နှင့် လိုက်သွား ရာ မိန်းမလှကျွန်းသို့ ရောက်လေသည်။

ဇာတ်သဘင် များက ကပြရာတွင် မောင်ရှင်၏ အကိုဝမ်းကွဲတော်သူ ဒေါ်သူ၏သား ကိုဘိုးအောင်ကိုပါ ထည့်သွင်း ကပြကြသည်မှာ လွမ်းအောင်ဆွေးအောင် ဇာတ်ပို့ဆောင်သူအဖြစ်နှင့် ထည့်သွင်းကပြကြဟန် တူပါသည် ။ မိန်းမလှ ကျွန်း၌ ကရင် မုဆိုးမကြီး သမီးလေးယောက် ကျားကိုက်၍ သေရပြီး အစိမ်းနတ်အဖြစ် စောင့်နေကြရသည်။

မောင်ရှင်တို့လှေ မိန်းမလှကျွန်းသို့ရောက်ခဲ့ကြပြီး မျောများခုတ်၍ ယူကြစဉ် မောင်ရှင်သည် လှေကို စောင့်၍ နေရစ် ခဲ့ရာ အပျင်းပြေစောင်းတီးသော အခါ မိန်းမလှ ကျွန်းကို စောင့်နေသော နတ်သမီးများကသဘောကျ၍ မျောခုတ်ပြီးလှေထွက်ရန် ပြုလုပ်သော အခါ လှေမထွက်နိုင်အောင် ဆွဲထားသည်နှင့် မဲချသောအခါ မောင်ရှင်ကို မဲသုံးကြိမ် ကျ၍ လှေသူကြီးက မောင်ရှင်အား ရေထဲသို့ ပစ် ချရာ ရေထဲ မရောက်ခင်ပျောက်သွားပြီး အရှင်လတ်လတ် နတ်ဖြစ်သွားသည်ဟု ဆိုသည်။

၎င်းကို ရေငန်ပိုင်ဦးရှင်ကြီးဟုခေါ်ကြသည့်အပြင် ကျွန်းညိုရှင် ဟုလည်း ခေါ်ကြသေးသည် ။ ရေငန်ပိုင် မြို့ရွာ ဒေသတို့တွင် အများအားဖြင့် ဦးရှင်ကြီးကို အထူးယုံကြည်၍ တင်မြှောက်ပသကိုးကွယ်ကြသည်။ ကျွန်းညိုရွာ ဒေသခံများက ရေငံပိုင်ဦးရှင်ကြီးသည် ယ နေ့ အချိန် အထိ ကျွန်းညိုကြီး ပေါ်တွင်နေထိုင်လျက်ရှိသည်ဟု ယုံ ကြည်ကြသည်။ ဒေသခံများသည် အစွဲအလမ်း အလွန်ကြီးမားပြီး ဤကျွန်းသည် အလွန် နတ်ကြီးသည့် နေရာ ဖြစ်သည်ဟု ယုံကြည်ကြသည်။

ကျွန်းအနီးတွင် အပြောအဆိုမှအစ အမှားမရှိစေရန်၊ အထူးသဖြင့် မိကျောင်းများကို ရန်မရှာရန်ဟု ဆိုကြသည်။ ဒီဒေသရှိ မိကျောင်းများ အားလုံးသည် ရေငံပိုင် ဦးရှင်ကြီး၏ အစောင့် အရှောက်များ ဖြစ်သည်ဟု ဆိုကြသည် ။ တစ်စုံ တစ်ရာ အမှားအယွင်း ရှိခဲ့ပါက ဦးရှင်ကြီးမှ မိကျောင်းဖြင့် တိုက်လိမ့်မည် ဟုလည်း ယုံကြည်ကြသည်။ မူရင်း ရေးသား ဖော်ပြပေးသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါတယ်ဗျာ။