News

“ထိုင်းနယ်စပ်မှာ မြန်မာ (၁၄) ယောက် ဖမ်းဆီးခံရ”

ဘန်ကောက်၊ ဒီဇင်ဘာ ၁၁

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်ဖို့ ကြိုးစားတဲ့ မြန်မာနိုင်ငံသား ၁၄ ဦးကို ဒီဇင်ဘာ ၁၁ ရက် ဒီကနေ့မှာ ထိုင်းအမှတ် ၄ တပ်ရင်းက စစ်သားတွေက ဖမ်းဆီးခဲ့တယ်လို့ The Nation သတင်းက ဖော်ပြပါတယ်။

မဲဆောက်မြို့မှာ ကင်းလှည့်နေတဲ့ စစ်သားတွေဟာ ထိုင်းနိုင်ငံထဲ ဝင်ရောက်ဖို့ မဲကူခရိုင်ခွဲရှိ Mei မြစ်ကို ဖြတ်ကူးလာတဲ့ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁၀ ဦး အပါအဝင် မြန်မာနိုင်ငံသား ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းက ဆိုပါတယ်။

ဒါ့အပြင် ဒီနေ့မှာပဲ အမှတ် ၄ တပ်ရင်းက လှည့်ကင်း အဖွဲ့ဟာ မယ်ထော်စီရင်စုကနေ နယ်စပ်ကို ဖြတ်ကျာ်ဖို့ ကြိုးစားနေတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ကို မှောင်ခို စီးကရက် ၄၆ ကာတွန်းနဲ့အတူ ဖမ်းမိခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

အခု ဖမ်းမိတဲ့ မြန်မာနိုင်ငံသား စုစုပေါင်း ၁၄ ဦးကို စစ်ဆေးမေးမြန်းဖို့နဲ့ Covid-19 ရောဂါပိုး ရှိ၊ မရှိ စစ်ဆေးဖို့ အတွက် တာ့ခ်ရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။

ကင်းလှည့်နေတဲ့ စစ်တပ် အရာရှိတစ်ဦးက တာ့ခ်ခရိုင်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြဝတီမြို့မှာ Covid-19 ရောဂါပိုး ကူးစက်မှု များပြားလာလို့ အာဏာပိုင်တွေ အနေနဲ့ တောလမ်းတွေက ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်တာကို ကာကွယ်ဖို့ လုံခြုံရေး တင်းကျပ်ထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံမှာ စီးပွားရေး ကျဆင်းလာမှုကြောင့် အလုပ်လက်မဲ့ ပိုမိုများပြားလာတာကြောင့် မြန်မာ နိုင်ငံသားတွေဟာ အလုပ်အကိုင် ရှာဖွေဖို့အတွက် ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်နေကြတယ်လို့ သူကပြောကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

သတင်း၊ ဓာတ်ပုံ- The Nation

ပုံစာ- ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာနိုင်ငံသားများကို တွေ့ရစဉ်။

(Unicode)