ကမ္ဘာ့ကိုရင်များနေ့
•••••••••••••••••
“ကမ္ဘာ့ကိုရင်များနေ့” ဆိုပါလား။
သာသနာအတွက် ကြိုဆိုရမည့် နေ့ထူးနေမြတ်ပဲ ဖြစ်ပါတယ်။
ဧပြီလ( ၅ ) ရက်နေ့ကို “ကမ္ဘာ့ကိုရင်များနေ့” ဟု သတ်မှတ်ပြီး ထိုင်းနိုင်ငံမှကလေး ( ၁၀ )သိန်းကို ကိုရင်ဝတ်ပေးသတဲ့။
မြန်မာနိုင်ငံမှာ တစ်နှစ်ပြီးတစ်နှစ် သံဃာများ လျော့နည်းနေသောကြောင့် အနာဂတ်အတွက် ရင်လေးစရာ ကောင်းလှပေသည်။
သံဃာဦးရေ ကျဆင်း
လွန်ခဲ့သော ၁၀- နှစ်ကျော်က မြန်မာနိုင်ငံတွင် သံဃာဦးရေ ၅- သိန်းကျော် ရှိခဲ့၏။ အင်မတန်မှ အားရစရာ ကောင်းလှပေသည်။
ယခု အချိန်မှာတော့ သံဃာဦးရေ ၃- သိန်းကျော်သာ ကျန်ရှိတော့ကြောင်း သိရှိရပေသည်။
တချို့က “အရေအတွက်က အရေးမကြီးပါ၊ အရည်အချင်းကသာ အရေးကြီးပါသည်” ဟု ပြောကြ၏။
အမှန်တကယ်ကား အရေအတွက်ကော၊ အရည်အချင်းပါ ၂- မျိုးလုံး အရေးကြီးပါသည်။
မြန်မာနိုင်ငံတွင် ဘုန်းကြီးကျောင်း ၆- သောင်းကျော် ရှိသောကြောင့် ကျောင်းထိုင်ဘုန်းကြီး ၆- သောင်း ရှိရမည် ဖြစ်သည်။ ဤကား မဖြစ်မနေ လိုအပ်သော အရေအတွက်တည်း။ ထို့ကြောင့် အရေအတွက်ကား အရေးမကြီးဟု ပြောလို့ မရပါ။
ဆိုလိုသည်ကား လိုအပ်သည့် အရေအတွက်လည်း ရှိဖို့လိုအပ်သကဲ့သို့ လိုအပ်သည့် အရည်အချင်းလည်း ပြည့်ဝဖို့ လိုအပ်လှပေသည်။
နမူနာ ယူသင့်
ယခုအချိန်၌ သံဃာအရေအတွက်မှာ သိသိသာသာ ကျဆင်းလျက် ရှိနေသောကြောင့် တချို့ စာသင်တိုက်ကြီးများရှိ ကျောင်းဆောင်များမှာ တံခါးပိတ်ထားရပေသည်။
ထို့ကြောင့် ထိုင်းနိုင်ငံကို နမူနာယူပြီး မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ကမ္ဘာ့ကိုရင်များနေ့မှာ စုပေါင်း၍ ကလေးသူငယ်များကို ကိုရင်ဝတ်ပေးသင့်လှပေသည်။
#crd
သီတဂူ အရှင်ဒေဝိန္ဒာဘိဝံသ