ဗဟုသုတ

“ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ မြန်မာနိုင်ငံသား ဦးသန့်အား ဂုဏ်ပြုထားသည့် ဦးသန့်ကျွန်းအကြောင်း”

ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သူ မြန်မာနိုင်ငံသား ဦးသန့်အားဂုဏ်ပြုထားသည့် ဦးသန့်ကျွန်းသည် အမေရိကန်နိုင်ငံ၊ နယူးယောက်စီတီးမြို့၏ အရှေ့ဘက်မြစ် (East River) အတွင်းမှာရှိသော ကျွန်းငယ်လေးဖြစ်သည်။ အတိအကျ ပြောရလျှင် ကုလသမဂ္ဂရုံးချုပ်နှင့် ဂမ့်တရီပလာဇာ စတိပ် Gantry Plaza State ပန်းခြံကြား၌ရှိသော အရှေ့ဘက်မြစ်အတွင်းမှ ကျွန်းငယ်လေး ဖြစ်ပေသည်။

ထိုကျွန်းသည် အမှန်မှာ သဘာဝကျွန်း မဟုတ်ပဲ လူလုပ်ကျွန်းသာဖြစ်ပါသည်။ ၁၉၈ဝ-ခုနှစ်နှောင်းပိုင်းက ဂျာမနီလူမျိုး အမေရိကန်ရောက် စီးပွားရေးလုပ်ငန်းရှင် ဝီလီယံ စတိန်းဝေးမှ ပြုလုပ်ဖန်တီးခဲ့ခြင်း ဖြစ်ပါသည်။ မြစ်တစ်ဖက်ကမ်းနှင့် တစ်ဖက်ကမ်း ရေအောက်ဖြတ်ရထားလှိုဏ်ဂူ ဆောက်ရန် ပြုလုပ်ခြင်း ဖြစ်ပေသည်။ ယင်းအစီအစဉ်ကြောင့် ကျွန်းငယ်လေးကိုပါ လုပ်ဖြစ်ခဲ့ခြင်း ဖြစ်ပေသည်။ ထို့ပြင် ယင်းကျွန်းကလေးဆီသို့ ရေပေါ်မှလည်း ကောင်း၊ လိုဏ်ဂူထဲမှလည်းကောင်း အရောက်သွားနိုင်အောင် ပြုလုပ်ထားသည်။

ယင်းကုန်းမြေလေးကို ၁၉၇၇-ခုနှစ်ရောက်မှ ကျွန်းတစ်ခုအဖြစ် ကုလသမဂ္ဂဝန်ထမ်းများ၏ အားထားလေးစား သော ဒဿနပညာရှင်၊ ဂုရု Sir Chinmoyက ဦးဆောင်ပြီး အတည်ပြုပေးလိုက်ခြင်း ဖြစ်ပါသည်။

ဦးသန့်

Sir Chinmoyသည် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သော ဦးသန့်၏ အရင်းနှီးဆုံး မိတ်ဆွေတစ်ဦးလည်း ဖြစ်ပေသည်။ ထို့ကြောင့် Sir Chinmoy ကိုယ်တိုင်က ယင်းကျွန်းကို ဦးသန့်ကျွန်း (U Thant Island)ဟု အမည်ပေးလိုက်ပါသည်။ ယခင်အမည်မှာ Belmont ကျွန်းဖြစ်ပါသည်။ အရွယ်အစားအား ပေ ၁ဝဝx၂ဝဝ ပတ်လည်သာရှိသော ထိုကျွန်းကို ကမ္ဘာ့အထူး ဆန်းဆုံးကျွန်း ဆယ်ခုစာရင်းထဲတွင် ထည့်သွင်းခဲ့ပေသည်။

အမေရိကန်နိုင်ငံရှိ အသေးငယ်ဆုံးကျွန်းလည်း ဖြစ်ပေသည်။ ၁၉၉၉-ခုနှစ်တွင် နယူးယောက်တိုင်းမ်မဂ္ဂဇင်းမှ ၃ဝ-ရာစု၌ ပျောက်ကွယ်သွားမယ့် ကျွန်းဟုဖော်ပြခဲ့ပါသည်။ ကုန်းပေါ်မှာ ငှက်များ၊ ရေအောက်မှာ ရေမှော်ရေညှိများတွယ်ပြီး လှပနေသော ဦးသန့်ကျွန်းလေးသည် ကမ္ဘာသိ ထူးဆန်းကျွန်းငယ်လေး တစ်ခုအ ဖြစ် တည်ရှိနေလေသည်။

မဟာသရေစည်သူ ဦးသန့် (၂၂ ဇန်နဝါရီ ၁၉၀၉ – ၂၅ နိုဝင်ဘာ ၁၉၇၄) သည် မြန်မာနိုင်ငံသား သံတမန်တစ်ဦးဖြစ်ပြီး ကမ္ဘာ့ကုလသမဂ္ဂ၏ တတိယမြောက် အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်ကာ ၁၉၆၁ မှ ၁၉၇၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ကုလသမဂ္ဂ၏ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ် ဒက်ဟမ်းမားရှိုး ၁၉၆၁ ခုနှစ် စက်တင်ဘာလအတွင်း လေယာဉ်ပျက်ကျ သေဆုံးပြီးနောက်ပိုင်း ၎င်း၏ နေရာတွင် အရွေးချယ်ခံခဲ့ရခြင်း ဖြစ်ကာ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ဥရောပသားမဟုတ်သူများထဲမှ ပထမဆုံးထမ်းဆောင်သူလည်း ဖြစ်သည်။ အာရှတွင် ပထမဦးဆုံး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်သည်။ ဦးသန့်အား ၎င်းမွေးဖွားရာ ပန်းတနော်မြို့ကို ရည်စူး၍ ပန်းတနော် ဦးသန့် ဟု အမည်တွင်ခဲ့သည်။

ဦးသန့်ကို ၁၉ဝ၉- ခုနှစ်ဇန်နဝါရီလ ၂၂ ရက်သောကြာနေ့တွင် ဧရာဝတီတိုင်း၊ ပန်းတနော်မြို့၌ အဖဦးဖိုးနှစ်၊ အမိ ဒေါ်နန်းသောင်တို့ မှ ဖွားမြင်ခဲ့လေသည်။ မွေးချင်း ညီအစ်ကို လေးဦးအနက် အကြီးဆုံးဖြစ်သည်။ မိဘများမှာ အောင်မြင်သော မြေပိုင်ရှင်နှင့် ဆန်ကုန်သည်များဖြစ်ကြသည်။ ဖခင်ဦးဖိုးနှစ်သည် ကာလကတ္တား မြို့ (ယခု ကိုလ်းကားတား) အထိ သွားရောက်ပညာသင်ကြားခဲ့ဖူးသူဖြစ်ရာ အင်္ဂလိပ်စာကို ကောင်းစွာတတ်ကျွမ်းသူ ဖြစ်သည်။

ဦးသန့်၏ဖခင် ဦးဖိုးနှစ်၏ အမျိုးအနွယ်တို့မှာ ဗုဒ္ဓဘာသာကိုယုံကြည်ကြသူများ ဖြစ်ကြပြီး ရန်ကုန်မြို့၌ သူရိယသတင်းစာကို ထူထောင်ခဲ့သည်။[၁] ထိုခေတ်က မြန်မာလူမျိုးများတွင် အင်္ဂလိပ်စာ တတ်ကျွမ်းသူ ရှားပါးလှရာ၊ မောင်သန့်လေးမှာ ဖခင်ထံမှ အင်္ဂလိပ်စာနှင့် စာပေဗဟုသုတတို့ကို သင်ယူလေ့လာ ဆည်းပူးခွင့် ရရှိခဲ့လေသည်။ မြန်မာနိုင်ငံသုတေသနအသင်းကို တည်ထောင်ရာတွင်လည်း အဖွဲ့ဝင်တစ်ယောက်အဖြစ် ပါဝင်ခဲ့သည်။

မောင်သန့်သည် ငယ်စဉ်ကပင် စာရေးဆရာလုပ်ရန် ဝါသနာ ထုံခဲ့ရာ ရှေးခေတ်မြန်မာစာပေ ပညာရှင်ကြီးများရေးသားခဲ့သော ပျို့၊ ကဗျာ၊ မော်ကွန်းရာဇဝင်စသည့် ရှေးဟောင်းစာပေများနှင့် ရာဇဝင်များကို အချိန်ရလျှင်ရသလို လေ့လာလိုက်စားခဲ့သည်။ ဤသို့ ရှင်မဟာရဋ္ဌသာရ၊ ရှင်မဟာ သီလဝံသမှ စ၍ နတ်ရှင်နောင်၊ နဝဒေး၊ လှိုင်ထိပ်ခေါင်တင်၊ မြဝတီမင်းကြီးဦးစ၊ စလေဦးပုည အဆုံး မြန်မာစာဆို တော်ကြီးများ၏ လက်ရာအဖုံဖုံကို လေ့လာဖတ်ရှုမှတ်သားခဲ့သည်။

မောင်သန့် ၁၂ နှစ်သားအရွယ်မှာပင် ဖခင်ဖြစ်သူ၏စာအုပ်စင်မှ ရှိတ်စပီးယား၊ နာမည်ကျော် စုံထောက် စာရေးဆရာ ဆာအာသာကိုနင်ဒွိုင်း စသူတို့၏ အင်္ဂလိပ်ဝတ္တုကြီးများကို မွှေနှောက်ရှာဖွေ၍ ဖတ်ရှုတတ် နေလေပြီ။ သို့သော် မောင်သန့်အသက် ၁၄ နှစ်အရွယ်တွင် ဖခင်ကြီးရုတ်တရက်ကွယ်လွန်သွားခဲ့ရာ၊ မိခင်ဖြစ်သူ ဒေါ်နန်းသောင်မှာ သားလေးယောက်နှင့်ဘဝကို ရုန်းကန်ကြိုးစားရတော့သည်။ ပန်းတနော်အထက်တန်းကျောင်းနှင့် ရန်ကုန်တက္ကသိုလ်တွင် သမိုင်းဘာသာရပ်ကို သင်ယူ လေ့လာခဲ့သည်။ တက္ကသိုလ် ပြီးဆုံးသောအခါ ပန်းတနော်မြို့ အမျိုးသားကျောင်းတွင် ဆရာလုပ်ရန် ပြန်လာခဲ့သည်။ အသက် ၂၅ နှစ်တွင် ထိုကျောင်း၏ ကျောင်းအုပ် ဖြစ်လာခဲ့သည်။

ထိုအချိန်တွင် အနီးအနားရှိ မအူပင်မြို့တွင် နေထိုင်ပြီး ပညာအုပ်ဖြစ်သော နောင်တစ်ချိန်၌ မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်ဖြစ်လာမည့် ဦးနု နှင့် ခင်မင်ရင်းနှီးခဲ့သည်။ ဦးသန့်သည် သီလဝ ဟူသော ကလောင်အမည်ဖြင့် အချို့မဂ္ဂဇင်းနှင့် သတင်းစာအတွက် ဆောင်းပါး အပတ်စဉ်ရေးပေးသည်။ ဦးသန့်သည် စာအုပ်အချို့ကိုလည်း ဘာသာပြန်ခဲ့သည်

ပြည်သူ့ဝန်ထမ်းဘဝ

ဦးသန့် နှင့် ၎င်း၏ မိသားစုဝင်များ၊ရှေ့တန်း(ဝဲမှယာ) ဦးသန့် ၊ မိခင်ကြီး ဒေါ်နန်းသောင်၊ အစ်ကိုကြီး ဦးခန့် ၊နောက်တန်း(ဝဲမှယာ)အစ်ကို ဦးတင်မောင်၊ ဒေါက်တာတင်မြင့်ဦး+(သမီး)မအေးအေးသန့် ၊ အစ်ကိုလတ် ဦးသောင်း တို့နှင့် ၁၉၆၄ ခုနှစ်တွင် တွေ့ရစဉ်။

လွတ်လပ်ရေးရခါစမြန်မာနိုင်ငံတွင် ဦးနု ဝန်ကြီးချုပ် ဖြစ်လာသောအခါ ဦးသန့်ကို ရန်ကုန်သို့ ခေါ်ယူပြီး ၁၉၄၈ ခုနှစ်တွင် အသံလွှင့်ဌာန၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ပေးအပ်ခဲ့သည်။ နောက်နှစ်များတွင် ဦးသန့်အား မြန်မာအစိုးရ၏ ပြန်ကြားရေး ဝန်ကြီးဌာနတွင် အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ဦးသန့်သည် ၁၉၅၁ ခုနှစ် မှ ၁၉၅၇ ခုနှစ်အထိ ဝန်ကြီးချုပ်၏ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မိန့်ခွန်းများ ရေးသားပေးခြင်း၊ နိုင်ငံခြား ခရီးစဉ်များ စီစဉ်ပေးခြင်း နှင့် နိုင်ငံခြားမှ ဧည့်သည်တော်များကို လက်ခံတွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

နိုင်ငံတကာ ကွန်ဖရင့် အများအပြားကို တက်ရောက်ခဲ့ပြီး ၁၉၅၅ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ တွင် ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှု ကို မွေးဖွားပေးခဲ့သော ပထမအကြိမ် အာရှ – အာဖရိက နိုင်ငံများဆိုင်ရာ ညီလာခံတွင် အတွင်းရေးမှူး အဖြစ်ဆောင်ရွက်ခဲ့သည်။ မြို့မကျောင်း အုပ်ချုပ်ရေးအဖွဲ့ဝင်လူကြီးအဖြစ်လည်း ဆောင်ရွက်ခဲ့သည်။

နောင်တွင် တည့်တည့်မှန်မှန်လုပ်တတ်သော၊ မှန်သည်ထင်လျှင် အလျှော့မပေးတတ်သော ဦးသန့် နှင့် တိုင်းပြည်ခေါင်းဆောင်ဖြစ်သည့် ဦးနုတို့ မသင့်မမြတ်ဖြစ်ရာမှ ၁၉၅၇ ခုနှစ်တွင် ဦးသန့်အား ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ကာ တာဝန်ထမ်းဆောင်ရန် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့သို့ စေလွတ်ခဲ့သည်။ ဦးသန့်သည် ၁၉၅၇ ခုနှစ်မှ ၁၉၆၁ ခုနှစ်အထိ မြန်မာနိုင်ငံ၏ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ် အဖြစ်သာမက အယ်လ်ဂျီးရီးယားနိုင်ငံ၏ လွတ်လပ်ရေး စေ့စပ်ဆွေးနွေးမှုများတွင်လည်း ပါဝင်ခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရသည် ဦးသန့်ကို ပြည်ထောင်စုစည်သူသင်္ဂဟ ပြန်တမ်းအရ မဟာသရေစည်သူဘွဲ့နှင့် ဗိုလ်ရာထူး ပေးအပ်သည်။

နောက်ဆုံးနေ့ရက်

ဦးသန့်၏ အုတ်ဂူ

၁၉၇၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်တွင် ဦးသန့်သည် နယူးယောက်မြို့၌ အဆုတ်ကင်ဆာဖြင့်ကွယ်လွန်ခဲ့သည်။ဦးသန့်၏ရုပ်ကလာပ်ကို မြန်မာပြည်သို့ ပြန်လည်သယ်ဆောင်ခဲ့သော်လည်း ထိုစဉ်က ပြည်တွင်းနိုင်ငံရေး အခြေအနေကြောင့် နိုင်ငံတော်အခမ်းအနားဖြင့် ဂုဏ်ပြုသင်္ဂြိုဟ်ခြင်း မပြုခဲ့ပါ။

ထိုစဉ်က သမ္မတဖြစ်သူ ဦးနေဝင်းသည် ဦးသန့်အား မြန်မာပြည်သူများက ချစ်ခင်ကြသည်ကို စိုးရိမ်၍လည်းကောင်း၊ ဦးသန့်၏မိတ်ဆွေဖြစ်သော ဦးနုမှ ဦးသန့်အကြောင်းပြကာ ဒီမိုကရေစီရေး ဆန္ဒပြမည်ကို စိုးရိမ်၍လည်းကောင်း ဦးသန့်၏ ရုပ်အလောင်းထည့်ထားသော ခေါင်းတလား ရန်ကုန်လေဆိပ်သို့ ရောက်သည့်တိုင် အဆင့်မြင့်အရာရှိကြီးများက လာရောက် ကြိုဆိုခြင်း မရှိခဲ့ပေ။ လာရောက်ကြိုဆိုခဲ့သော ဒုတိယပညာရေးဝန်​ကြီး ဦးအောင်ထွန်းအား ထို့နောက် ရာထူးမှ အနားပေးခဲ့သည်။ဦးနေဝင်းက ဦးသန့်၏ ရုပ်အလောင်းအား အစိုးရအဖွဲ့မှ မည်သူ့ကိုမျှ မပါဝင်စေပဲ သင်္ဂြိုဟ်စေခဲ့သည်။

၁၉၇၄ခုနှစ်၊ ဒီဇင်ဘာလ ၅ရက်နေ့တွင် ဦးသန့်အားမမြှုပ်နှံမီ နာရီအနည်းငယ်မျှအလိုတွင် အများပြည်သူ နောက်ဆုံးဂါရဝပြုနိုင်ရန် ရန်ကုန်မြို့ ကျိုက္ကဆံကွင်းတွင် ပြသထားသည်။ ထိုစဉ်တွင် သာမန်သုဿာန်တွင် မြှုပ်နှံမည်ကို မလိုလားကြသော ကျောင်းသားနှင့်ပြည်သူအချို့က ဦးသန့်၏ ရုပ်အလောင်းအား လုယူသွားခဲ့သည်။ ထို့နောက်ကျောင်းသားများက ဦးသန့်၏ ရုပ်အလောင်းကို ယခင် ဦးနေဝင်းမှ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့တွင် ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သော ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂနေရာဟောင်းတွင် မြှပ်နှံသင်္ဂြိုဟ်လိုက်သည်။

ဒီဇင်ဘာလ ၅ရက်နေ့မှ ၁၁ရက်နေ့အတွင်း ကျောင်းသားများသည် ယာယီဦးသန့်ဗိမ္မာန်ပြုလုပ်ကြပြီး အစိုးရဆန့်ကျင်ရေးတရားများ ဟောပြောကြသည်။ ၁၉၇၄ခုနှစ်၊ ဒီဇင်ဘာလ ၁၁ရက်နေ့ နံနက်လင်းအားကြီးအချိန်တွင် အစိုးရစစ်တပ်မှ ကျောင်းဝင်းအတွင်းရှိ ကျောင်းသားအချို့ကို ဝင်ရောက်ပစ်ခတ်ပြီး ဦးသန့်၏ ရုပ်အလောင်းကို ပြန်လည်ယူဆောင်သွားကာ ရွှေတိဂုံစေတီတော် ခြေရင်းတွင် မြှပ်နှံပေးလိုက်သည်။

ယင်းသို့ တရကြမ်း ဝင်ရောက်လုယူမှုကြောင့် ကျောင်းသားများနှင့် ပြည်သူအများပါဝင်သော အုံကြွမှုကြီး ဖြစ်ပေါ်လာခဲ့သည်။ ရန်ကုန်မြို့နှင့် အနီးဝန်းကျင်တွင် စစ်အုပ်ချုပ်ရေး ကြေညာခဲ့သည်။ ယင်းနောက် လူထုအုံကြွမှုကို အပြင်းအထန်နှိမ်နင်းခဲ့သဖြင့် ကျောင်းသားများနှင့် ပြည်သူများ သေဆုံးခဲ့သည်။ ယင်းကို ဦးသန့် အရေးအခင်း‎ဟု ခေါ်တွင်သည်။

၁၉၇၈တွင် ဦးသန့်ရေးသော ကုလမှရှုမြင်ချက် (View from the UN) စာအုပ်ကို အမေရိကန်ပုံနှိပ်တိုက် (American publishing house) မှ ပုံနှိပ်ထုတ်ဝေခဲ့သည်။ နယူးယောက်မြို့တော် ကမ္ဘာ့ကုလသမဂ္ဂဌာနချုပ်အနီးရှိ မြစ်တွင်းမှ ဘဲလ်မောင့်ကျွန်း (Belmont Island) ကို ဦးသန့်အားဂုဏ်ပြုသောအားဖြင့် ဦးသန့်ကျွန်းဟု နာမည်ပြောင်းပေးခဲ့ကြသည်။

ဦးသန့်အားဂုဏ်ပြုခေါ်ဝေါ်ခဲ့သောအမည်များ

ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အားကြိုးမာန်တက် ရှေးရှုလုပ်ကိုင်ကြသော အဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလများအား ဦးသန့်ငြိမ်းချမ်းရေးဆု အားတီထွင်ချီးမြှင့်သည်။

သံရုံးများရှိသောလမ်းကိုမလေးရှား၏ မြို့တော်ကွာလာလမ်ပူမှ Jalan U Thant (ဦးသန့်လမ်း) ဟု ဦးသန့်ကို ဂုဏ်ပြုသောအားဖြင့် နာမည်ပေးခဲ့သည်။
ကုလသမဂ္ဂရုံးချုပ်၏ အရှေ့ဘက် မျက်နှာချင်းဆိုင်တွင်ရှိသော မြစ်အတွင်းရှိ ကျွန်းငယ်လေးအား ဦးသန့်ကျွန်း ဟု ဦးသန့်အား ဂုဏ်ပြုသော အားဖြင့်ခေါ်တွင်ခဲ့သည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ် United Nations University (UNU) ဌာနချုပ်တွင် ဦးသန့်ဂုဏ်ပြုသင်ကြားပို့ချချက်များဟူသော သင်ခန်းစာကို ပုံမှန် သင်ကြားပေးလျှက်ရှိသည်။

ဂျပန်နိုင်ငံ၊ တိုကျိုမြို့၊ ကုလသမဂ္ဂတက္ကသိုလ် United Nations University (UNU) ဌာနချုပ်တွင် အဓိကကွန်ဖရင့်ခန်းမကြီးအား ဦးသန့်အမည်ဖြင့် မှည့်ခေါ်ထားသည်။

ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာသင်တန်းကျောင်း (United Nations International School) တွင် ဦးသန့်ပညာသင်ဆုကို ပေးအပ်ချီးမြှင့်သည်။

၈.၁၂.၂၀၂၀

Khinsan Lwin