ဗဟုသုတ

“ခေတ်ရှေ့ပြေးတဲ့ အတွေးအခေါ်တွေနဲ့ တည်ထောင်ခဲ့တဲ့ ကနောင်မင်းသားကြီးရဲ့ စက်မှုနိုင်ငံတော်”

မန္တလေး ရတနာပုံနေပြည်တော်ကို ကောဇာသက္ကရာဇ် ( ၁၂၂၁ ခုနှစ် ကဆုန်လပြည့်ကျော် ၆ ရက်နေ့မှာ စတင်တည်ထောင်ပါတယ်။ မင်းတုန်းမင်းကြီး တည်ထောင်တယ်ဆိုငြား တကယ်တမ်း ညီတော် ကနောင်မင်းသားရဲ့ အကြံအစည်နှင့် လုံ့လတွေက အများကြီးပါဝင်ခဲ့တယ်ဆိုတာ မငြင်းသာပါဘူး။ ရတနာပုံနေပြည်တော် မတည်ထောင်မီ နောင်တော်ပုဂံမင်းရဲ့ ညံ့ဖျင်းတဲ့အုပ်ချုပ်မှု အောက်က ရုန်းထွက်ပုန်ကန်ခဲ့မှုမှာလည်း ကနောင်မင်းသားရဲ့ လက်ရုံးရည်၊ နှလုံးရည် ပါဝင်ခဲ့တယ်ဆိုတာက လည်း အသေအချာပါ။

တိုးတက်ခေတ်မီတဲ့ နိုင်ငံတော်

ရတနာပုံနေပြည်တော် တည်ထောင်ပြီးတဲ့နောက် “သီရိပဝရ မဟာသုဓမ္မရာဇဘွဲ့ခံ” ရတနာပူရ အိမ်ရှေ့စံ ကနောင်မင်းသားကြီးအနေနဲ့ တိုးတက်ခေတ်မီတဲ့ နိုင်ငံတော်တည်ဆောက်ရေးအပိုင်းကို အထူးအလေးပေးဆောင်ရွက်လာတယ်။ ဒီလို အမြော်အမြင်ရှိစေတာကလည်း မြန်မာပြည်အောက်ပိုင်းမှာ အင်္ဂလိပ်အစိုးရက လက်နက်အားကိုးနဲ့ သိမ်းပိုက်ထားတာ သရက်မြေထဲအထိ ရောက်နေပြီမဟုတ်ပါလား။

အချိန်မရွေး အမြောက်တင်စစ်သင်္ဘောတွေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာနိုင်တယ်ဆိုတာကိုလည်း မြေကြီးလက်ခတ်မလွဲ တွက်ဆထားပြီးသားပါ။ ဒါကြောင့် နောင်တော် မင်းတုန်းမင်းကြီးကလည်း တိုင်းရေး ပြည်ရေး၊ သံရေး တမန်ရေးအပြင် ဘာသာသာသနာထွန်းလင်းတောက်ပ ရေးအတွက်ထိ ဆောင်ရွက်နေသလို ညီတော်ကနောင်မင်းသားကလည်း ခေတ်မီတပ်မတော် တည်ဆောက်ရေး နှင့် စက်မှုနိုင်ငံထူထောင်ရေးကို အားစိုက်နေပါတယ်။

လက်ရွေးစင် ပညာတော်သင်

ဒါကြောင့်လည်း နိုင်ငံခြားတိုင်းကြီးပြည်ကြီးများမှာ ထွန်းကားနေပြီဖြစ်တဲ့ စက်မှုလက်မှုသိပ္ပံပညာရပ်တွေကို လေ့လာသင်ကြားနိုင်ဖို့ လက်ရွေးစင်ပညာတော်သင် အယောက် ၉၀ ကျော်ကို အိမ်ရှေ့စံကိုယ်တော်တိုင် ရွေးချယ်ပြီး နိုင်ငံအသီးသီးကို စေလွှတ်ခဲ့တယ်။ ဒီပဲရင်းဝန်ထောက် ဦးမြနဲ့ ညီဦးခဲ၊ ဖန်ချက်ဝန်ဦးဖန်၊ ကျောက်မြောင်းအတွင်းဝန် ဦးရွှေအိုး၊ မြင်းဝန် ဦးအောင်သူတို့ဟာ ထင်ရှားတဲ့ ပညာတော်သင်တွေပါ။ ဒီနောက်လည်း ပညာတော်သင်တွေ ဆက်လက်စေလွှတ်ပါသေးတယ်။ ဒီနောက် ငါးနှစ်စီမံကိန်းရေးဆွဲပြီး ရတနာပုံနေပြည်တော်တစ်ဝန်းမှာ စက်ရုံတော် ၅၀ ကျော် တည်ဆောက်ခဲ့ပါတယ်။

ဒင်္ဂါးစက်ရုံတော်၊ ရက်ကန်းစက်ရုံတော်၊ ဆန်ကြိတ် စက်ရုံတော်၊ လက်နက်စက်ရုံတော်၊ လွှစက်ရုံတော်၊ သကြားချက်စက်ရုံတော်၊ မဲနယ်စက်ရုံတော်၊ သံဖိုစက်ရုံတော်၊ ဂွမ်းကြိတ်စက်ရုံတော်၊ စာပုံနှိပ်စက်ရုံတော် စသည်ဖြင့် ပါဝင်တယ်။ ဒီစက်ရုံတော်တွေထဲမှာ အင်္ဂလိပ်ရေတပ်နဲ့ယှဉ်နိုင်ဖို့ ရည်ရွယ်ချက်နဲ့ သင်္ဘောစက်ရုံတော်လည်း တည်ထောင်ခဲ့တယ်။

ရတနာပုံစက်ရုံတော်

ခေတ်မီ မြန်မာ့ရေတပ်မတော်ကြီး တည်ထောင်ဖို့အတွက် ကနောင်မင်းသားကြီးက ရွှေမြို့တော်ရဲ့ အနောက်ဘက် ဧရာဝတီမြစ်ကမ်းနဖူး ပန်းဆက်တံခါးအထွက်မှာ “ရတနာပုံသင်္ဘောကျင်း(ခေါ်) ရတနာပုံစက်ရုံတော်”ကို သက္ကရာဇ် ၁၂၂၆ ခုနှစ် (ခရစ်-၁၈၆၄ ခုနှစ်)မှာ တည်ထောင်ခဲ့တာပါ။ ရတနာပုံသင်္ဘောကျင်းအပါအဝင် စက်ရုံတော်ပေါင်း ၅၀ ကျော်ကို စက်ရုံဌာနအဖြစ် ဖွဲ့စည်းပြီး သားတော် သီရိမဟာသုဓမ္မရာဇာမက္ခရာ မင်းသားကို အုပ်ချုပ်စေခဲ့တယ်။ ။

ရတနာပုံစက်ရုံတော်မှာ တပ်ဆင်ထားတဲ့ စက်ပစ္စည်းတွေဟာ စကော့တလန်ပြည် ဒန်ဒပ်(စ်)နဲ့ စမစ်ကုမ္ပဏီ ထွက်ပစ္စည်းတွေက အများစုဖြစ်ခဲ့တယ်။ စက်ရုံမှာ အမှုထမ်းပေါင်း ၁၂၇ ဦးရှိပြီး လစာအနေနဲ့ စပါး ၂၈၅၅ တင်း ရရှိပါသတဲ့။ ရတနာပုံစက်ရုံတော်က ခရစ် ၁၈၇၀ မတိုင်မီမှာပဲ မြစ်တွင်းသွား မီးသင်္ဘောတွေကို စတင်တည်ဆောက်ခဲ့ပါပြီး၊ ၁၈၇၀ပြည့်နှစ် စက်တင်ဘာ ၇ ရက်နေ့မှာပဲ ကျွန်းသားကိုယ်ထည်နဲ့ ရေနွေးငွေ့ အင်ဂျင်တပ်ဆင်ထားတဲ့ ပထမဆုံးသင်္ဘောကို ရေချနိုင်ခဲ့တယ်။

(သံရည်ကျိုစက်ရုံ)

သင်္ဘောတော်ရဲ့ အရွယ်အစားက အလျား ပေ ၁၈၀၊ အနံ ၂၄ ပေနဲ့ ဇောက် ခြောက်ပေရှိသတဲ့။ သင်္ဘောမှာတပ်ဆင်တဲ့ စက်ပစ္စည်းတွေက ဆပ်ပလင်၊ မက္ကင်ဇီ၊ ဒေါ်ဆင်၊ ဆပ်ပဆင်နဲ့အက်ဒပန်ဂျုံးကုမ္ပဏီတွေက ဝယ်ယူခဲ့တာပါတဲ့။ ၁၈၇၁ ခုနှစ် ဇွန်လ ၁၀ ရက်နေ့မှာတော့ အလားတူ ရေယာဉ်နှစ်စင်းကို မင်းခမ်းမင်းနားနှင့် ရေချနိုင်ခဲ့တယ်။

ရေနွေးငွေ့ အင်ဂျင်သုံး တိုက်သင်္ဘောတော်

တစ်ခါ ၁၈၇၂ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့ရောက်တော့ မြန်မာလက်သမားဆရာ “ဆရာရှမ်း” တည်ဆောက်တဲ့ အမြောက် ၁၄ လက် တပ်ဆင်တဲ့ တိုက်သင်္ဘောတစ်စင်း ရေချနိုင်ပြန်တယ်။ ရေနွေးငွေ့ အင်ဂျင်သုံး တိုက်သင်္ဘောတော်ကို ရေချရာမှာ အမြောက် ၁၄ လက်စလုံးကို ပစ်ဖောက်ပြနိုင်ခဲ့သတဲ့။ ၁၈၇၂ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ နောက်ထပ်သင်္ဘောတစ်စင်း ရေချနိုင်ခဲ့ပြီး မကြာမီရက်တွေအတွင်းသင်္ဘောသုံးစင်း ထပ်မံရေချခဲ့တယ်။

ရတနာပုံစက်ရုံတော်က ကျွန်းသားကိုယ်ထည် သင်္ဘောတော်များ ဆက်တိုက်တည်ဆောက်ပြီးတဲ့နောက် ပထမ ဆုံး သံကိုယ်ထည်သင်္ဘောကို ၁၈၇၃ ခု စက်တင်ဘာ ၉ ရက်မှာ ရေချခဲ့တယ်။ ဒီသင်္ဘောက မြစ်တွင်း စက် ရဟတ်တပ် သင်္ဘောဖြစ်ပြီး သင်္ဘောရေချပွဲကို မက္ခရာမင်းသား၊ ရွှေကူမင်းသားတို့ ကိုယ်တိုင်တက်ရောက်ကာ မင်းခမ်းမင်းနားနဲ့ ကြီးကြီးကျယ်ကျယ် ကျင်းပခဲ့ပါတယ်။

၁၈၇၅ ခုနှစ်အတွင်းမှာပဲ ရတနာပုံစက်ရုံတော်က တည်ဆောက်ခဲ့တဲ့ မြစ်တွင်းသွား သင်္ဘောတစ်စင်းကို အမြောက် ၁၂ လက် တပ်ဆင်ကာ စစ်ရေးလေ့ကျင့်ခဲ့ပြီး နောက်ထပ်သင်္ဘောတစ်စင်းကို အမြောက် ၁၄ လက် တပ်ဆင်ခဲ့တယ်။ ဧပြီလအတွင်းရောက်တော့ အမြောက် ၁၄ လက်စစ်သင်္ဘောက ဗန်းမော်ထိ ဆန်တက်ခုတ်မောင်း ခဲ့သတဲ့။

ရတနာပုံ သင်္ဘောကျင်း

လက်ထက်တော်ကြီး လက်ထက်တော်လေး ကာလအတွင်း ကနောင်မင်းသားကြီး ထူထောင်ခဲ့တဲ့ ရတနာပုံ သင်္ဘောစက်ရုံတော်က လူစီး၊ စစ်သုံး သင်္ဘောပေါင်း ၁၈ စင်း တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၈၈၆ ခုနှစ် အင်္ဂလိပ် ကိုလိုနီလက်အောက်ကျရောက်တော့ အဲဒီသင်္ဘော ၁၈ စင်းနဲ့အတူ သံတိုမယ်နအားလုံးကို အင်္ဂလိပ် ပိုင် ဧရာဝတီဖလုတ်တီးလားကုမ္ပဏီက တန်ဖိုးငွေကျပ် ၄၅ဝဝဝ နဲ့ ဝယ်ယူလိုက်သတဲ့။ တွင်ခုံတွေ၊ ဖောက်ခုံတွေ၊ ဖြတ်ခုံတွေ၊ ရွေပေါ်ခုံ၊ မြောင်းထိုးခုံ၊ အရစ်ဖော်ခုံ၊ သံရည်ကျိုစက်၊ ပန်းပဲစက်၊ သံမှိုရိုက်စက်တွေအပြင် သံချိန်းကြိုး၊ သံပြားအသစ်များ၊ သံမှိုများ၊ ဘွိုင်လာ ကျူများ၊ ဟင်္ဂလိုင်းသံထည်များ၊ ကြေးနီကြေးဝါပိုက်များ၊ သံစိမ်းသံကြွပ်များလည်း ပါသတဲ့။

လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်မှာတော့ နိုင်ငံပိုင်အဖြစ်သိမ်းယူကာ ရတနာပုံသင်္ဘောကျင်းအမည်နဲ့ ပြည်တွင်း သွား ရေယာဉ်တွေကို ပြုပြင်ဆောင်ရွက်နေတာ ဒီကနေ့အထိပါပဲ။

ရတနာပုံခေတ်က စက်ရုံတော်ပေါင်း ၅၀ ကျော်

သမိုင်းအထောက်အထားများအရ ရတနာပုံခေတ်က စက်ရုံတော်ပေါင်း ၅၀ ကျော်ရှိတယ်ဆိုရာမှာ … အခုထိ အချို့စက်ရုံများကို မဖော်ထုတ်နိုင်သေးပါဘူး။ နန်းမြို့တွင်းရှိ မင်းတုန်းမင်းကြီး ဂူဗိမာန်နဲ့ မလှမ်းမကမ်းရှိ ဒင်္ဂါးစက်ရုံတော်ရှိတယ်။ မြောက်ပြင်မှာ အခုဘီယာနဲ့ အရက်ချက်စက်ရုံက ရတနာပုံခေတ်ရဲ့ လက်နက်စက်ရုံ တော်ကြီးဖြစ်တယ်။ နောက်ထပ် လက်နက်စက်ရုံတော်က အနောက်ပြင် နဘဲကြားအရပ်မှာလည်းရှိသလို၊ နန်းတော်အရှေ့ဘက်မှာလည်း တစ်ရုံရှိတယ်။ စစ်ကိုင်း ရွှေတောင်ဦးမော်အရပ်မှာ သံဖိုစက်ရုံရှိတယ်။

မန္တလေး အနောက်ပြင် မီးခြစ်စက်ရုံကလည်း ရတနာပုံခေတ်က သံစက်ရုံတည်ရာဖြစ်တယ်။ အမရပူရမှာက မဲနယ်စက်ရုံ၊ မဲနယ်ကန်တွေရှိတယ်။ နန်းတွင်း မြောက်ဥယျာဉ်တော်မှာ စာပုံနှိပ်စက်ရုံတော်ရှိတယ်။ အနောက်ပြင် ပြည်ကြီးကျက်သရေရပ်၊ ရွှေကျီးမြင်ဘုရား တောင်ဘက်မုခ်အနီးမှာ ရတနာပုံနေပြည်တော် သတင်းစာတိုက်နဲ့ပုံနှိပ်စက် ရှိတယ်။ အနောက်ပြင် ဂေါဝိန်တံခါးလမ်းမှာ ဂွမ်းကြိတ်စက်ရုံရှိတယ်။ ပိုက်ကျုံးမှာ သကြားစက်ရုံတော်ရှိတယ်။ လွှစက်ရုံတော်ရှိတယ်။ ပန်းဆက်တံခါးအထွက်မှာ သင်္ဘောစက်ရုံတော်ရှိတယ်။

ဒီစက်ရုံတော်များအနက်အများစုက ပျောက်ကွယ်သွားပြီး အချို့က မူလနေရာမှာ အခြားစက်ရုံများအဖြစ် အသွင် ပြောင်းနေပါပြီ။ ဒီအထဲမှာမှ ရတနာပုံသင်္ဘောစက်ရုံတော်ကဖြင့် မူလနေရာမှာပဲ မူလအတိုင်း ခေတ်နှင့်အညီပြောင်းလဲကာ ရတနာပုံသင်္ဘောကျင်းအဖြစ် နှစ်ပေါင်း ၁၆၀ တိုင် တည်ရှိနေခြင်းဟာ ဂုဏ်ယူဖွယ်ရာ ဖြစ်ပါကြောင်း။ ။

ထပ်မံဖြည့်စွက်ချက်

၁၈၆၆ ခုနှစ် သြဂုတ်လတွင် ကနောင်မင်းသားကြီး လုပ်ကြံခံရပြီးနောက် မြန်မာ့သမိုင်း လမ်းကြောင်းသည်လည်း ထာဝရ ပြောင်းလဲသွားခဲ့သည်။ ကနောင်မင်းသားကြီးသည် မင်းတုန်းမင်းကြီး၏ ညီတော်ရင်း ဖြစ်ပြီး အုပ်ချုပ်ရေးပိုင်းတွင် အတူယှဉ်တွဲ ဆောင်ရွက်နေသူ ဖြစ်သည်။ အိမ်ရှေ့စံမင်းသားလည်း ဖြစ်သည်။ မင်းတုန်းမင်းနှင့် ကနောင်မင်းသားကြီးတို့ နှစ်ဦးသား လက်တွဲကာ တိုင်းပြည်၏ အုပ်ချုပ်ပုံစနစ်ကို ပြောင်းလဲပစ်ရန်၊ စီးပွားရေးစနစ် ဖွံ့ဖြိုးလာရန်၊ မိမိတို့၏ လွတ်လပ်ရေး မဆုံးရှုံးအောင် ကာကွယ်ရန် ဦးဆောင်ထမ်းရွက်ခဲ့ကြသည်။

ကနောင်မင်းသားကြီး၏ လမ်းညွှန်မှုဖြင့် သိပ္ပံနှင့် အင်ဂျင်နီယာပညာများ လေ့လာဆည်းပူးရန်နှင့် စစ်ပညာ လေ့ကျင့်သင်ယူရန် ကျောင်းသား ဒါဇင်နှင့်ချီကို ဥရောပသို့ ပညာတော်သင် စေလွှတ်သည်။ ဘုရင့်စစ်တပ်တွင်း အကြီးစား ပြုပြင်ပြောင်းလဲမှု ပြုလုပ်သည်။ လက်နက်နှင့် ခဲယမ်းများ၊ သံထည် ဖန်ထည်များ ထုတ်လုပ်ရန် ခေတ်မီစက်ရုံကြီးများကို တည်ထောင်သည်။ ကြေးနန်းလိုင်းလည်း စတင်တည်ဆောက်ခဲ့သည့် အပြင် နိုင်ငံပိုင် သယ်ယူပို့ဆောင်ရေး စနစ်သစ်တစ်ခု တည်ထောင်ရန် မီးသင်္ဘော ၁၀ စီးကို အင်္ဂလန်မှ တင်သွင်းသည်။

ကမ္ဘာ့ ပထမဉီးဆုံး ရေနံတွင်းများကို စတင်သည်။ အကောက်ခွန် တိုးမြှင့်ကောက်ခံကာ ပြည်တွင်း လုပ်ငန်းများကို အကာအကွယ် ပေးသည်။ အမေရိကန် ပြည်တွင်းစစ်ကြောင့် ကမ္ဘာ့ချည်ထည် စျေးနှုန်း မြင့်တက်နေသည်ကို အခွင့်ကောင်းယူရန် ချည်ထည် ထုတ်လုပ်ရေးနှင့် ပြည်ပသို့ တင်ပို့ရေးကို ဘုရင်ကိုယ်တိုင် ဦးစီးဆောင်ရွက်သည်။ ယင်းကုန်ပစ္စည်းများ အပါအဝင် အခြား အစိုးရက လမ်းညွှန်ထားသည့် ပြည်ပပို့ကုန်များမှ ရရှိသော ၀င်ငွေကို တိုင်းပြည် ခေတ်မီတိုးတက်ရေးအတွက် သုံးစွဲသည်။

ပိုအရေးကြီးသည့် လုပ်ဆောင်ချက်မှာ တိုင်းပြည်၏ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲရေး အုတ်မြစ်တစ်ခုလုံးကို ပြန်လည်သုံးသပ်ကာ လယ်ယာခွန် ကောက်ခံခြင်းမှအစ ဗျူရိုကရေစီ ဖွဲ့စည်းပုံစနစ်အထိ အခြေခံကျသော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို စတင်ခဲ့သည်။

ဤသည်မှာ ဂျပန်၊ ထိုင်း (Siam)၊ အီဂျစ်နှင့် ဗီယက်နမ် စသော နိုင်ငံများတွင် ဖွံ့ဖြိုးရေး ကြိုးပမ်းမှုများ ပေါ်ပေါက်လာစေရန် ရှေ့ဆောင်ပေးခဲ့သော တိုင်းပြည် ခေတ်မီတိုးတက်ရေး စီမံကိန်းကြီး ဖြစ်ပေသည်။

၁၈၆၆ ခုနှစ် သြဂုတ်လ ၂ ရက်နေ့ နေမွန်းတည့်ခန့်အချိန်တွင် အသက် ၄၆ နှစ်အရွယ်ရှိ ကနောင်မင်းသားကြီးနှင့် အတူ ဝန်ကြီးများ၊ အတွင်းဝန်များသည် တူတော်(မြင်ကွန်းမင်းသား)ထံ သစ္စာခံသော နောက်လိုက်ဗိုလ်ပါများ၏ လုပ်ကြံခြင်း ခံရလေသည်။ ထို့နောက်တွင် မင်းတုန်းမင်း သစ္စာခံများနှင့် အပြိုင် မင်းသား အသီးသီးတို့၏ ဂိုဏ်းကွဲများ အကြား ပြည်တွင်းစစ် ဖြစ်ပွားပြန်သည်။ ရက်သတ္တပတ်ပေါင်း များစွာ ကြာအောင် ဧရာဝတီမြစ် စုန်ဆန်တလျှောက် တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားပြီး နောက်ဆုံးတွင် မင်းတုန်းမင်းကြီးသည် ပုန်ကန်တော်လှန်သူများကို ချေမှုန်းနိုင်ခဲ့သည်။

သို့သော် မင်းတုန်းမင်း၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်များသည် များစွာ အားလျော့သွားခဲ့လေပြီ။ မင်းတုန်းမင်း ကိုယ်တိုင်လည်း ယခင်ကနှင့် မတူတော့ဘဲ အိမ်ရှေ့စံမင်းသား အသစ်ပင် ထပ်မံ၍ လျာထားခဲ့ခြင်း မရှိတော့ချေ။ ပုန်ကန်တော်လှန်သော မင်းသားများသည် အတိတ်အာဃာတ၊ အာဏာမက်မောမှု၊ အခွင့်အရေး ပိုမိုရသင့်သည်ဟု ခံစားရခြင်းစသည့် ပယောဂများကြောင့် ထိုသို့ ကြံစည်ခဲ့ကြခြင်း ဖြစ်သည်။ တိုင်းပြည်ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ကန့်ကွက်ခဲ့သူ တစ်ဦးတစ်ယောက်မျှ မပါခဲ့ချေ။

၁၈၆၇ ခုနှစ်တွင် ပြည်တွင်းပဋိပက္ခကို အမြတ်ထုတ်၍ ဗြိတိသျှတို့က မြန်မာအစိုးရကို ကုန်သွယ်ရေးစာချုပ်တစ်ခု အတင်းအကြပ် လက်မှတ်ထိုးစေခဲ့သည်။ စာချုပ်တွင် ပါ၀င်သည့် သဘောတူညီချက် အများအပြားအနက် မြန်မာပြည်ဘက်မှ အကောက်ခွန် လျှော့ကောက်ပေးရန် လိုက်လျောခဲ့ရသလို တိုင်းပြည်စီးပွားရေးတွင် အစိုးရပါဝင်မှုကိုလည်း ရပ်ဆိုင်းခဲ့ရသည်။

အရှေ့မြောက်ဘက်တွင် ၁၈၆၀ ပြည့်နှစ်နှောင်းပိုင်းကာလ၌ တိုင်ပင်နှင့် ပန်းသေးသူပုန်များကြောင့် တရုတ်နှင့် ကုန်သွယ်မှုလုပ်ရန် လုံးဝ မဖြစ်နိုင်ခဲ့။ ထိုအချက် နှစ်ချက်စလုံးကြောင့် တိုင်းပြည်ဘဏ္ဍာရေး အကြီးအကျယ် အခက်အခဲ ဖြစ်ခဲ့ရသည်။ ၁၈၇၀ ပြည့်နှစ်များ အလယ်ပိုင်းကာလတွင် နဂိုစပျိုးခဲ့သော ဖွံ့ဖြိုးရေး စီမံကိန်းကြီး၏ အကြွင်းအကျန်များမှာ မရှိတော့သလောက်ပင်။

ပြင်ပအကြောင်းအရာများ ဖြစ်သော ဗြိတိသျှ နယ်ချဲ့ဝါဒနှင့် တရုတ် ပြည်တွင်းရေး မငြိမ်မသက်ဖြစ်မှုတို့မှာ ကနောင်မင်းသားကြီးနှင့် မင်းတုန်းမင်းတို့၏ ဖွံ့ဖြိုးရေး စီမံကိန်းကြီးကို အခြေပျက်သွားစေခဲ့သည့် အရေးကြီးသော အချက်များ ဖြစ်ကြသော်လည်း အဆုံးတွင်မူ တိုင်းပြည်ကို ပျက်စီးခြင်းကိန်း ဆိုက်စေခဲ့သည်မှာ ထိပ်ပိုင်းရှိ လူတစ်စု အာဏာပြိုင်လုနေကြခြင်းကြောင့်၊ တစ်နည်းအားဖြင့် အရေးကြုံသည့်အခိုက် တိုင်းပြည်ခေါင်းဆောင်များ သွေးမနီးနိုင်ခဲ့ကြခြင်းကြောင့်သာ ဖြစ်ပေတော့သည်။

ကုန်းဘောင်ခေတ်နှောင်း မြန်မာနှင့် အင်္ဂလိပ်စစ်ပွဲများ (၁၈၂၄ – ၁၈၈၅ အေဒီ) မှ နောက်ထပ် အကြောင်းအရာများ ဆက်လက်လေ့လာရန်

ကြေးမုံ

မူရင်းရေးသားသူ – ဆူးငှက်