News

မန္တလေးခရိုင်အတွင်း ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၈ ရက်နေ့ထိ ဝင်ထွက်ခွင့်ကဒ်ပြားမပါက အရေးယူမည်ဟု ဝန်ကြီးချုပ်ပြော

မန္တလေးခရိုင်အတွင်းတွင် ကိုဗစ်ရောဂါကူးစက်မှု နှင့် သေဆုံးမှုများပိုမိုများပြားလာသဖြင့် ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၈ ရက်နေ့ထိ ဝင်ထွက်ခွင့်ကဒ်ပြားမပါက အရေးယူသွား မည်ဖြစ် ကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်ကပြောသည် ။

မန္တလေးရှိ မြို့နယ် ရပ်ကွက်များရှိ ပြည်သူများအားဈေးဝယ်ထွက်ခွင့်ကတ်နှင့်ဆေးခန်းပြသခွင့် များ ကို အိမ်ထောင်စုအလိုက်ထုတ်ပေးခဲ့ပြီး ရပ်ကွက်/ကျေးရွာအဝင်/အထွက်များကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် စစ်ဆေးကန့်သတ်မှုများပြုလုပ်သွားမည်ဖြစ်သည်။

” ရပ်ကွပ်အလိုက် အဖွဲ့လေး တွေ ဖွဲ့ပြီးတော့ တက်နိုင်သမျှ မေတ္တာရပ်ခံပါ။ ချိုချိုသာသာပြောပါ။ ဘာကိစ္စနဲ့ အပြင်ထွက်တာလဲ၊ ဘယ်သွားမလဲ၊ သွားမယ်ဆို ကတ်ပြားယူသွားပါ။ ဈေးဝယ်မယ်၊ ဆေးခန်းသွားမယ်ဆို ကတ်ပြား ယူသွားပါ။ ကတ်ပြားမပါရင်မထွက်ပါနဲ့ ကတ်ပြားမပါဘဲနဲ့ထွက်လို့၊စစ်လို့တွေ့ရင်ဘာလုပ်မလဲ။အဲဒီ မှာ ဆွေးနွေးရတာပေါ့။

သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနဲ့ ၅၀၀၀ ထက်ပိုလို့ရမလားလို့ ဥပဒေ ချုပ်ကိုမေးတာ အနည်းဆုံးက ၅၀၀၀ထောင်ပဲ။ အမြင့်ဆုံးက ထောင်ဒဏ်တွေပါတယ်။ အနိမ့်ဆုံးက ၅၀၀၀ထောင်ဆိုတော့ကျန်တာယူလို့ရတယ်။ အဲဒါနဲ့ပဲလုပ်ဆောင်ဖို့ရှိတယ်။” ဟု ဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်က ပြောသည် ။

ဒီဇငိဘာလ ၅ ရက်နေ့အတွက် ထုတ်ပြန်ချက်တွင်ပုဂ္ဂလိကလုပ်ငန်းများဖြစ်သည့် ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စားသောက်ကုန်နှင့် သား၊ ငါး၊ အအေးခန်းလုပ်ငန်းများ၊ ဆေးဝါးနှင့် ဆေးပရစ္စည်းကိရိယာ ထုတ်လုပ်ရေးနှင့် ဖြန့် ဖြူးရောင်းချရေးလုပ်ငန်းများ၊ ရေသန့်ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ၊ နေ့စဉ်တစ်ကိုယ်ရည်သုံး ပစ္စည်းထုတ်လုပ်သည့် စက်ရုံများ၊ ဆိပ်ကမ်းပို့ကုန်/သွင်းကုန် သယ်ဆောင်သည့်

ကုန်တင်မော်တော်ယာဉ်၊ ရေ ယာဉ်လုပ်ငန်းများ၊ ကုန်းတွင်းကုန်သေတ္တာစခန်း(Inland Container Depot) နှင့် ကုန်းတွမ်းဆိပ်များ(Dry Port)၊ ဆက်သွယ်ရေး ဝန်ဆောင်မှုပေးရသော လုပ်ငန်းများဖြစ်သည့် စာပို့တိုက်ဝန်ဆောင်မှုလုပ်ငန်း၊ ကြိုးဖုန်း နှင့် မိုဘိုင်းတယ်လီဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်း၊ အင်တာနက်ဝန်ဆောင်မှုများ၊ တာဝါနှင့် ဖိုက်ဘာ ပြုပြင်ခြင်း ဝန်ဆောင်မှုလုပ်ငန်းများကိုသာ လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ပြီး ကျန်လုပ်ငန်းများကို လုပ်ကိုင်ခြင်း မပြုရန် ပါရှိသည် ။

မြို့နယ်အတွင်းရှိ ဈေးများကို နေ့စဉ် နံနက်(၆)နာရီမှ (၁၂)နာရီအထိ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ကျန်အချိန် များတွင် ပိတ်ထားမည်ဖြစ်ကာ ကမ်းနားလမ်းနှင့် (၄၁)လမ်းထောင့်ရှိ ကုန် စိမ်းလက်ကားဈေးကို နေ့စဉ် နံနက် (၄)နာရီမှ နံနက် (၆)နာရီအထိ တစ်ကြိမ်နှင့် နေ့လယ်(၁၁)နာရီမှ ည(၈) နာရီအထိတစ်ကြိမ် ဖွင့်လှစ်ပေးမည်ဖြစ်ပြီး ကျန်အချိန်များတွင် ဈေးပိတ်ထားမည်ဖြစ်သည် ။

ထို့ပြင် ကျုံးဘေးတွင် အပန်းဖြေအနားယူခြင်း၊ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ လမ်းလျှောက်ခြင်းများကို သတ်မှတ်ကာလအတွင်း (လုံးဝ) မပြုလုပ်ရန်နှင့်မန္တလေးမြို့သို့ ညအိပ်လာရောက်သူ တည်းခိုနေထိုင်မည့်သူများ ရောဂါပိုးကင်းရှင်းကြောင်း ကျန်းမာရေး ဌာန၏ ထောက်ခံချက် ပါရှိရမည်ဖြစ်သည် ။