News

“တပ်မတော် ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသည့် စာသားတွေရေးသားခဲ့တဲ့ Ko Ko Naung အကောင့်ပိုင်ရှင် တရားစွဲခံရ”

မုဒုံ၊ ဒီဇင်ဘာ ၅

တပ်မတော် အကြီးအကဲနှင့် တပ်မတော်သားတို့၏ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေသည့် အရေးအသားများကို Facebook လူမှုကွန်ရက်စာမျက်နှာပေါ်မှာရေးသားခဲ့သော မွန်ပြည်နယ်၊ မုဒုံမြို့က ဒေသခံတစ်ဦးကို တပ်မတော်အရာရှိတစ်ဦးက ဆက်သွယ်ရေးဥပဒေနဲ့ ဒီဇင်ဘာ ၅ ရက်နေ့က မုဒုံမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့သည်ဟု သိရသည်။

မုဒုံမြို့၊ မြို့မ (၄) ရပ်ကွက်၊ ခတ္တာလမ်းတွင် နေထိုင်သူ Ko Ko Naung facebook အကောင့်ပိုင်ရှင်ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူကြီး ကျော်ဝင်းက မုဒုံမြို့မရဲစခန်းမှာ (ပ) ၁၆၁၈/၂၀၂၀ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) နဲ့ မွန်းလွဲ ၂ နာရီခန့်က အမှုဖွင့်ခဲ့တာပါ။

“အမှုဖွင့်လှစ်ထားတာတော့ဟုတ်ပါတယ်၊ကျနော်တို့ စုံစမ်းစစ်ဆေးနေပါတယ်”ဟု မုဒုံမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

Ko Ko Naung facebook အကောင့်ပိုင်ရှင်၏ ရေးသားချက်များထဲမှာ “သာဝမင်းအောင်လှိုင်ရေ မင်းရဲ့မွေးစားအဖေ ထိုင်းမီဒီယာမှာကြေငြာနေပြီ”
“အောင်မြေလာနင်းလို့ ဒေါက်ဖိနပ်နဲ့ အပေါက်ခံ ရတာ ကာပုတစ်ယောက်တည်း မဟုတ်ဘူး သူခိုးတစ်ဖွဲ့လုံး”စသည့် ကာကွယ်ရေးစစ်ဦးစီးချုပ်နဲ့ တပ်မတော်သားတွေအပြင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမတ်လောင်းတွေကိုပါ ညစ်ညမ်းသော အရာတွေနဲ့ ဝေဖန်ပြောဆိုထားတာတွေ ပါဝင်နေတဲ့
အသုံးအနှုန်းတွေနဲ့ ရေးသားခဲ့တာကို ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရပါတယ်။

Photo# တရားစွဲဆိုခံရသည့် Ko Ko Naung facebook အကောင့်

နေမခ(သံဖြူဇရပ်)

The Voice Of Thanbyuzayat