News

မာရာဒိုနာရဲ့ရုပ်အလောင်းကို ခိုးယူချင်သူတွေရှိနေလို့ လုံခြုံရေး(၂၀၀)ဖြင့် စောင့်ကြပ်နေရ

မကြာသေးခင်ကမှ ကွယ်လွန်အနိစ္စရောက်သွားတဲ့ အာဂျင်တီးနားဘောလုံးဂန္ထဝင် မာရာဒိုနာရဲ့ ရုပ်အလောင်းမြှုပ်နှံထားရှိရာ ဂူဗိမာန်ကို အခုအခါ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ လုံခြုံရေးအင်အား (၂၀၀)က တာဝန်ယူ စောင့်ရှောက်နေရတယ်လို့ သိရပါတယ်။ သမိုင်းမှာတော့ ကမ္ဘာကျော် ဟာသဂန္ထဝင်ကြီး ချာလီချက်ပလင်ရဲ့ ရုပ်အလောင်းလည်း ခိုးယူခံခဲ့ရဖူးပါတယ်။

ချာလီချက်ပလင်ဟာ (၁၉၇၇)ခုနှစ် ခရစ်စမတ်နေ့မှာ အနိစ္စရောက်ခဲ့ရာ၊ နှစ်လအကြာမှာ သူ့ရဲ့အလောင်းကို ပြန်ပေးသမားတွေက တူးဖော်ခိုးယူပြီး၊ ကျန်ရစ်သူဇနီးသည် Oona ထံ ချာလီရဲ့အလောင်းကို ပြန်ရွေးလိုပါက ဒေါ်လာ (၆)သိန်းပေးရမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။ ထိုစဉ်က Oona က ပြန်ရွေးဖို့ ငြင်းဆန်ခဲ့ပြီး ရဲကို တိုင်ခဲ့ရာ-နောက်၃)လအကြာ မေလ(၁၇)ရက်မှာမှ အလောင်းကို ခိုးယူသွားတဲ့ တရားခံတွေကို အလောင်းနဲ့အတူ ပြန်ဖမ်းမိခဲ့တဲ့အဖြစ် ဖြစ်ခဲ့ပါတယ်။

ဒီလိုအဖြစ်အပျက်မျိုးလည်း ရှိခဲ့တော့ မာရာဒိုနာရဲ့ရုပ်အလောင်းကို မသမာသူတွေက ခိုးယူသွားမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေပြီး၊ အခုဆိုရင် လုံခြုံရေးအင်အား (၂၀၀)နဲ့ အထူးကြပ်မက်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက တယူသန်တဲ့ မာရာဒိုနာရဲ့ ပရိသတ်အချို့က အလောင်းကို တူးဖော်ရယူမယ်လို့ ခြိမ်းခြောက်မှုတွေလည်း ရှိခဲ့တာကြောင့် တာဝန်ရှိသူတွေက လုံခြုံရေးအင်အား ထူထဲစွာ ချထားခဲ့တာ ဖြစ်ပါတယ်။ ဘောလုံးဂန္ထဝင် မာရာဒိုနာဟာ အသက်(၆၀)သာ ရှိသေးသော်လည်း မကွယ်လွန်ခင် (၁၄)ရက်လောက်က –ဦးနှောက်သွေးကြောအတွင်း သွေးခဲပိတ်စို့မှုဖြစ်လို့ အရေးပေါ် ခွဲစိတ်မှု ခံယူခဲ့ရပါတယ်။

အဲဒီကနေ ပြန်လာလို့ ရက်သတ္တပတ်(၂)ပတ်အကြာမှာပဲ ရုတ်တရက် နှလုံးဖောက်ပြီး လဲကျကွယ်လွန်ခဲ့ရတာပါ။ သူကွယ်လွန်ခြင်းအတွက် အာဂျင်တီးနား ဘောလုံးပရိသတ်တွေဟာ အသည်းအသန် ငိုကြွေးမှုတွေ၊ လမ်းပေါ်ထွက် လှည့်လည်မှုတွေ ရှိခဲ့ပါတယ်။

မာရာဒိုနာရဲ့ရုပ်အလောင်းကို Buenos Aires မြို့တော်ဆင်ခြေဖုံးမှာတည်ရှိတဲ့ Bella Vista ဂူသင်္ချိုင်းမှာ မြှုပ်နှံထားရှိပါတယ်။ ဈာပနနေ့က လူသိန်းနဲ့ချီ လိုက်ပါပို့ဆောင်ခဲ့ရာ၊ လုံခြုံရေးရယူခဲ့တဲ့ရဲတွေနဲ့ ပရိသတ်ကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါသေးတယ်။ သူ ကွယ်လွန်ခြင်းအတွက် ကမ္ဘာ့အနှံ့က ဘောလုံးပွဲတိုင်းမှာ ပွဲမစခင် ငြိမ်သတ်အလေးပြုတာမျိုးတွေလည်း ရှိနေဆဲ ဖြစ်ပါတယ်။

လင်းဇော်ကို

Ref ; The Sun