ရည်းစားဖြစ်သူ Quarantine ဝင်နေချိန် အုတ်တံတိုင်းကျော်ဝင်ကာခိုးတွေ့သည့်အမျိုးသမီး Quarantine ဝင်နေရ ၊ တားမြစ်ထားသောနေရာအတွင်းကျူးကျော်ဝင်ရောက်မှုဖြင့် အရေးယူခံရမည်
ရှမ်းပြည်နယ်( မြောက်ပိုင်း ) ကျောက်မဲမြို့တွင် ရည်းစားဖြစ်သူ Quarantine ဝင်နေရသည့်အတွက် အုတ်တံတိုင်းကျော်ပြီး ဝင်ရောက်တွေ့ဆုံခဲ့သည့် အမျိုးသမီးတစ်ဦးသည် လက်ရှိအချိန်တွင် Quarantine ဝင်နေရပြီး ကျောက်မဲမြို့နယ် ကိုဗစ်ကော်မတီက အမှုဖွင့်အရေးယူထားသည် ဟု သိရသည်။
တာချီလိတ်မှ ပြန်လာပြီးကျောက်မဲရှိ အထက ( ၃ ) Quarantine စင်တာတွင် အသွားအလာ ကန့်သတ် ထားသော အမျိုးသားတစ်ဦးထံသို့ ၎င်း၏ ရည်းစားဆိုသူ အမျိုးသမီးတစ်ဦးက ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့က အုတ်တံတိုင်းကျော်ဝင်၍ တွေ့ဆုံခြင်း၊ ခိုးထုတ်၍ ခေါ်ဆောင်သွားခြင်းများ ရှိနေသည့် အတွက် ပတ်ဝန်းကျင်နှင့် တာဝန်ရှိသူများက စောင့်ကြည့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည် ဟု ကျောက်မဲမြို့နယ် ကိုဗစ်ရောဂါ တားဆီးကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။
“သူက ခိုးဝင်ပြီး သူ့ရည်းစားကို ဝင်တွေ့တယ်၊ အဲ့ဒါကို အတိအကျ သတင်းရလို့စောင့်ပြီး ဖမ်းပေးကြတာပေါ့၊ ညတွင်းချင်းပဲ ရဲ လက်အပ်ပြီး အမှုဖွင့်ထားတယ်”ဟု ကျောက်မဲမြို့နယ် ကိုဗစ်ရောဂါ တားဆီးကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ မှ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း က ပြောသည်။
လက်ရှိအချိန်တွင် Quarantine Center အတွင်းကျူးကျော်ဝင်ရောက်သည့် အမျိုးသမီးသည် အမှတ် (၈)ရပ်ကွက်ရှိ အလက( ၃ )တွင် Quarantine ဝင်နေရပြီး ကျောက်မဲမြို့မရဲစခန်းတွင် ပုဒ်မ-၂၉ ( အမိန့်ထုတ်ပြန်ထားပြီး တားမြစ်ထားသောနေရာအတွင်း ကျူးကျော်ဝင်ရောက်မှု)ဖြင့် အမှုဖွင့် ခံထားရသည်ဟုသိရသည်။
KMY