ဗဟုသုတ

“မိုင်းဖုန်းဆရာတော်ကြီး၏ တန်ဆောင်မုန်း လပြည့်နေ့ မေတ္တာစာ”

မိုင်းဖုန်းဆရာတော်၏ မေတ္တာစာ

ဒကာဒကာမများအားလုံးအတွက် မိုင်းကျက်ဂူမှ မိုင်းဖုန်းဆရာတော်၏ မေတ္တာစာ

ဆရာတော်လည်း နေ့စဉ်နှင့်အမျှ ကျန်းမာပကတိ တရားဓမ္မနဲ့အတူ ချမ်းသာစွာရှိပါ၏။ ဆရာတော်အတွက် စိုးရိမ်မှု ကင်းရှင်းကြပါစေ။ နိဗ္ဗာန်တစ်ခုတည်းကိုသာ ရည်ရွယ်၍ မဇ္ဈိမပဋိပဒါစိတ်ထားကာ သတိပဋ္ဌာန် တရားဘာဝနာများကို ပွားများလျက်ပါ။

မမေ့မလျော့ မပေါ့မဆဘဲ သတိတရာဖြင့် ရုပ်နာမ်ခန္ဓာရဲ့ ဖြစ်မှု ပျက်မှုကို ရှုမှတ်ပါတယ်။ ဖြစ်ပျက်မြင် ဖြစ်ပျက်မုန်း ဖြစ်ပျက်ဆုံးအောင် ကြိုးစားလျက်ပါ။ ခဏိကမရဏ ခဏိကနိဗ္ဗာနကို ဆိုက်အောင် ကြိုးစားပါတယ်။ ဉာဏ်တရားဖြစ်နေတဲ့အချိန် လောဘ၊‌ဒေါသ မောဟတွေ ကင်းစင်ပြီး စိတ်လည်း တဒင်္ဂ ငြိမ်းချမ်းမှု ပေါ်ပါတယ်။ ကာယလဟုတာ ကိုယ်ခန္ဓာပေါ့ပါးမှု စိတ္တလဟုတာ စိတ်ရဲ့ ပေ့ါပါးမှုဆိုတာ အခိုက်အတန့်ပါ။အရာရာအားလုံး အနိစ္စ ဒုက္ခ အနတ္တသင်္ခါရသဘောတရား တွေပါ။

နေ့တွေ ရက်တွေ အလဟသကုန်သွားတာဟာခန္ဓာကိုယ်ကြီး အိုနာသေဘက်ကို တရွေ့ရွေ့သွားနေပါတယ်။ရုပ်နာမ်ခန္ဓာ ချုပ်ငြိမ်း ဇာတ်သိမ်းမှ နိဗ္ဗာန်ဆိုက်ရောက်ပါမယ်။ဖြစ်ပျက်တွေ ချုပ်ငြိမ်းမှ နိဗ္ဗာန်ဆိုက်ရောက်ပါမယ်။ရုပ်နာမ်ခန္ဓာရဲ့ ဓါတ် ပရမတ်တွေ သိမှ ဒုက္ခမှ လွှတ်မြောက်နိုင်ပါမယ်။

သံလွင်မြစ်ကြီး အစုန်သာစီးပြီး အဆန်မရှိသလို မိမိတို့ရဲ့ အသက်သည်လည်း နေ့စဉ်နဲ့အမျှ စုန်စုန်ကာ ကုန်ကုန်သွားပါတယ်။ ပြန်လည်၍ မနုပျိုနိုင်တော့ပါ။ အိုနာသေဘက်ကိုသာ ဦးတည်သွားပြီး မကြာခင် ဒို့တတွေ သေကွဲကွဲကြရပါမယ်။

ရှင်ဘုရင်ဖြစ်ဖြစ် မိဖုရားဖြစ်ဖြစ် သေရတာခြင်း အတူတူပါပဲ။ တန်ဖိုးရှိလှတဲ့ အချိန်တွေဟာ စမ်းချောင်းပမာ မရပ်မနား တသွင်သွင် စီးဆင်းနေပါတယ်။ ဒို့တတွေလည်း အချိန်ရှိခိုက် ကောင်းမှုကုသိုလ်အတွက် လုံ့လစိုက်ကြပါကုန်။

ဒါန သီလ သမထ ဝိပဿနာကို ပွားများအားထုတ်ကာ ခန္ဓာ အာယတန ဓါတ် ပဋိစ္စသမုပ္ပါဒ် သိမြင်ထင်လင်းကာ အရိယာသစ္စာကို ဆွတ်ခူးပြီး နိဗ္ဗာန်ကို ရောက်နိုင်ကြပါစေ။

မမြဲတဲ့ ရုပ်နာမ်သင်္ခါရတရားဟာ ဒုက္ခ အတိပါပဲ။ ပညာရှိသူတော်ကောင်းတွေက ဉာဏ်လမ်းကြောင်းကို လျှောက်လှမ်းကြကာ သန္တိသုခ နိဗ္ဗာန်ကို လှမ်းသွားကြတယ်။ ပုထုဇဉ်အကန်းတွေကတော့ သံသရာဒုက္ခကို မကြောက်ကြဘဲ

ပဋိသန္ဓေအိုနာသေပွဲကို ဆက်လက် ဆင်နွဲနေကြတယ်။ မေ့မေ့လျော့လျော့နေကာ အချိန်ကို အလဟသ မဖြုန်းတီးပါနဲ့ဘုရား တရား သံဃာ မိဘ ဆရာ အနန္တငါးပါးကို ယုံကြည်ကိုးစားကြပါ။

ဆရာမိဘကို ကျေးဇူးဆပ်ကြပါ။ ဒါမှ ထူးမြတ်တဲ့ ပါရမီဖြစ်မယ်။ မင်္ဂလာအပေါင်း ခညောင်းမယ်။ တိုးတက်မှု သရဖူကို ဆောင်းရပါမယ်။

ရခဲလှတဲ့ လူ့ဘဝမှာ ကိုယ့်ဒုက္ခကို မရှာပါနဲ့။ ဟိရိသြတ္တပ္ပ တရားရှိရပါမယ်။ အကုသိုလ်တွေကို ပယ်၊ ကုသိုလ်တွေကို သယ်ကြပါ။ မမေ့မလျော့ရင် တရားထူးတရားမြတ်နဲ့ နိဗ္ဗာန်ကို ရောက်ပါမယ်။ မသိမှု အဝိဇ္ဇာဟာ အကြီးမားဆုံး ရန်သူပဲ။

သိမှု ဉာဏ်ပညာဟာ နိဗ္ဗာန်အတွက် အဖေါ်မွန်ပါ။လေးလံဖင့်နှေးစေတဲ့ အကုသိုလ်ဝန်ကို မထမ်းပါနဲ့။ပေ့ါပါး သွက်လက်တဲ့ ကုသိုလ်ဝန်ကို ရွက်ဆောင်ကြပါ။ပြင်းထန်တဲ့ အဆိပ်ရှိတဲ့မြွေနဲ့တူတဲ့ မြွေဟောက်ကို ရင်ခွင်မပိုက်ပါနဲ့။ ဒုက္ခ လှလှကြုံရပါမယ်။

ဘုရားရှင်တိုင်းရဲ့ မရိုးနိုင်တဲ့ ထိရောက်လှတဲ့ သြဝါဒအတိုင်း မကောင်းမှုကိုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားကြပါ။ စိတ်ရဲ့ ပလ္လင်နေရာမှာ လောဘ၊ ဒေါသ၊ မောဟ၊ တဏှာ၊ မာန၊ ဒိဋ္ဌိ၊ အဝိဇ္ဇာ၊ ဥပါဒါန်တွေအတွက် နေရာမပေးပါနဲ့။

ဒါမှ စစ်မှန်တဲ့ ငြိမ်းချမ်းမှုကို ရပါမယ်။ လူ့ရဲ့ တန်ဖိုးဆိုတာ ကောင်းမှုတွေ လုပ်ခြင်းပါ။ နတ်တွေရဲ့ တန်ဖိုးဆိုတာကတော့ မေတ္တာစိတ် ရှိခြင်းပါ။ဗုဒ္ဓသာသနာတော်ရဲ့ တန်ဖိုးကတော့ နိဗ္ဗာန်ပါပဲ။သေမင်းနဲ့ နီးလာလေလေ ကောင်းမှုကုသိုလ် များများလုပ်ရပါမယ်။

မေတ္တာစိတ် ကောင်းသန့်တဲ့စိတ်ရှိရင် သတ္တဝါတွေ ချစ်ခင်ဝမ်းသာကာ ပါရမီအားကို ဖြည့်ပေးပါတယ်။ ဒါနက ရှေ့က ဦးဆောင်သူအဖြစ်၊ သီလက ကြိုးကိုင်တဲ့ ရထားထိမ်းအဖြစ်၊ ဘာဝနာက လမ်းအဖြစ် ခရီးသွားရပါမယ်။

လောဘကြီးရင် နိဗ္ဗာနဲ့ မနီးဘူး။လောဘ ဒေါသ မောဟ ကင်းကွာလေလေ ချမ်းသာလေလေပဲ။ကောင်းမြတ်တဲ့ ဒါနဆိုတာ စိတ်မှာ မူတည်တယ်။ဖြူစင်တဲ့ သီလဆိုတာ သတိ သမာဓိရှိလို့ပါ။မိမိကိုယ်ကို မိမိသနားရင် ဒုက္ခမရှာနဲ့။

သံသရာဘေးကိုကြောက်ရင် ဘာဝနာပွားကြ။တရားကို မမေ့ နိဗ္ဗာန်ကိုတွေ့။အစာအာဟာရ မျိုးစုံကို စဉ်ဆက်မပြတ် ပေးပို့လှူဒါန်းလာတဲ့ သားတပည့် ဒကာဒကာမများအားလုံးရဲ့ ဂုဏ်ကျေးဇူးတွေကို ဆရာတော်က အစဉ်ထာဝရ ဦးထိပ်တင် ပန်ဆင်ပါတယ်။

ဒကာဒကာမတွေ အလှူရှင်တွေအားလုံး ထူးမြတ်တဲ့ ကုသိုလ်တွေ ဖြစ်ကြပါစေ။ လိုတိုင်းရ တတိုင်းအောင် ဆောင်တိုင်းမြှောက် ကြံတိုင်းပေါက်ကြပါစေ။လောကီချမ်းသာ လောကုတ္တရာချမ်းသာ နိဗ္ဗာန်ချမ်းသာတိုင်အောင် အထောက်အပံ့ဖြစ်ပါစေ။

နိဗ္ဗာနဿ ပစ္စယော ဟောတု။ (သာဓု သာဓု သာဓု) တရားသည်သာ သတ္တဝါတွေကို ထွက်မြောက်စေပါတယ်။ စိတ်ထဲမှာ ဘုရားဂုဏ်တွေ ရှိထားမယ်ဆိုရင် ဘေးရင်ကင်းရှင်း ဒုက္ခတွင်းမှ လွှတ်နိုင်ပါမယ်။အားလုံး ကျန်းမာချမ်းသာ ဘေးရန်ကွာ လိုရာပြည့်ဝကြပါစေ။

အရညဝါသီ မိုင်းဖုန်းဆရာတော်၏ မေတ္တာစာကို တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း) မှ ဆီလျှော်အောင် တာဝန်ယူ ဘာသာပြန်ပေးထားပါတယ်။ သုခိအတ္တာနံ ပရိဟရန္တု။ မိမိခန္ဓာဝန်ကို မပင်မပမ်း ထမ်းဆောင်နိုင်ပါစေ။ ခရက်ဒစ်