News

“ဆိုင်ကယ်ကို ကားနဲ့ တိုက်မိတယ်…တစ်ယောက်သေတယ်….မောင်းပြေးတယ်…ကားထဲမှာ လူတစ်ယောက်ညှပ်နေသေးတာကို ဒီတိုင်း..အိမ်ထိမောင်းသွားတယ်ဗျာ”

ရန်ကုန်၊ နိုဝင်ဘာ ၂၉

ယနေ့မနက်က ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ရှင်စောပုလမ်းတွင် ကားနှင့်ဆိုင်ကယ်တိုက်မိပြီး ဆိုင်ကယ်ယာဉ်မောင်းမှာ ကား၏ ဂျွိုင်းဆက်နှင့်ဆီတိုင်ကြားတွင်ညှပ်ကာ နေအိမ်ကားဂိုထောင်ထိပါသွားခဲ့သဖြင့် ကယ်ဆယ်ခဲ့ရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယနေ့မနက် ၁၂နာရီ ၅၀ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းတွင် FORD အမျိုးအစား (အနက်ရောင်) မော်တော်ယာဉ်သည် ဗဟန်းမြို့နယ်ဘက်မှ စမ်းချောင်းမြို့နယ်ဘက်သို့ မောင်းနှင်စဉ် Honda Wave အမျိုးအစား (အနီရောင်) မောင်တော်ဆိုင်ကယ်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် ဆိုင်ကယ်ယာဉ်မောင်းသည် မော်တော်ယာဉ်အောက်ပိုင်း၊ ဂျွိုင်းဆက်နှင့် ဆီတိုင်ကီကြား၌ ညပ်၍ နေအိမ်ကားဂိုဒေါင်အထိ ပါရှိသွားကြောင်း သတင်းရရှိသဖြင့် အလုံမြို့နယ်မီးသတ်စခန်းနှင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၁၂)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ဆိုင်ကယ်ယာဉ်မောင်းကို မနက် ၂ နာရီ ၃၆မိနစ် အချိန်တွင် ကယ်ထုတ်နိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“ဓမ္မစေတီလမ်း Happy Zoneရှေ့အရင်တိုက်ပြီး အဲ့ဒီမှာ အမျိုးသမီးတစ်ဦးသေပါတယ်။ ကျွန်တော်တို့ကားနဲ့ပဲပို့ပါတယ်။ နောက်ထပ်ပြီး Sakuraဆေးရုံရှေ့မှာ အမျိုးသားတစ်ဦး ကားအောက်ထဲညှပ်ပါလာတယ်ဆိုပြီး သတင်းပေးလာလို့ သွားရောက်ခဲ့ရာ ခက်ခဲတဲ့အတွက် မြို့နယ်မီးသတ်စခန်းနဲ့အတူ ခက်ခက်ခဲခဲကယ်ထုတ်ခဲ့ရာ အသက်ရှင်လျက်(စိုးရိမ်ရ) တစ်ကိုယ်လုံးပွန်းပဲ့ဒဏ်ရာများစွာဖြင့် ကယ်ထုတ်နိုင်ခဲ့ပါတယ်ဗျ။

လူနာကအရမ်းဒဏ်ရာများတော့ ကယ်တဲ့သူတွေလည်း မနည်းကြိုးစားကယ်ရသလို ကျွန်တော်တို့အဖွဲ့ကလည်း လူနာကိုအောက်ဆီဂျင်ပေးပြုစု ခက်ခက်ခဲခဲ ကားအောက်ပိုင်းတွေဖြတ်ထုတ်ပြီးမှ ကယ်ရပါတယ်” ဟုဖြစ်စဉ်နှင့်ပတ်သက်၍ လူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။

အဆိုပါမော်တော်ယာဉ်သည် ဆိုင်ကယ်နှင့်တိုက်မိပြီးနောက် မောင်းပြေးခဲ့ခြင်းဖြစ်ကြောင်း အခင်းဖြစ်ရပ်ကို မြင်တွေ့ခဲ့သူတစ်ဦးထံမှသိရသည်။

အဆိုပါ ဆိုင်ကယ်ယာဉ်မောင်းမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိနေကြောင်း၊ ယင်းအတွက် ရဲသူရိန်ပရဟိတအသင်း သူနာတင်ယာဉ်ဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်နောက်တွင် စီးနင်းလိုက်ပါသူ မ(၁)ဦးမှာလည်း အခင်းဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့ထံ ဆက်သွယ်စုံစမ်းလျက်ရှိပြီး ထပ်မံရရှိသော သတင်းကို ဆက်လက်ဖော်ပြပေးပါမည်။

AM-0007– MFSD