
ဆရာကြီးဦးသုခနှင့် ပခုက္ကူဦးအုံးဖေ ဆုံကြရာက
လှေခွက်ချည်းကျန် အလံမလှဲ စကားပုံက ဘယ်အဓိပ္ပါယ်ကို ဖော်ညွှန်းပါသလဲဟု မေးရာ..
ဆရာကြီးဦးသုခက “အများယူဆတဲ့အတိုင်းပါပဲ မဆုတ်နစ်တဲ့ ဇွဲ၊ လုံ့လကို ဖော်ညွှန်းတယ်လို့ ယူဆမိပါတယ် ” ဟုဖြေသည်။
ဤတွင် ပခုက္ကူဦးအုံးဖေက ” ကျွန်တော်တို့ဘိုးဘွားပြောခဲ့တာက ဒီစကားပုံဟာ လောဘမသတ်နိုင်တာကို ဖော်ညွှန်းတယ်လို့ ဆိုပါတယ် ” ဟုပြောသည်။
ဆရာကြီးဦးသုခက အတော်စိတ်ဝင်စားသွားသည်။
” ဒါကို ကျွန်တော် ခုမှကြားဖူးတယ်၊ ဖွင့်ဆိုပါဦးဗျ ”
ဒီစကားပုံဟာ ပခုက္ကူက ဖြစ်ပေါ်လာခဲ့တာလို့ဆိုတယ်။
ရှေးအခါတုန်းက အညာကုန်လှေကြီးတွေနဲ့ အောက်ပြည်ကုန်လှေကြီးတွေဟာ
ပခုက္ကူမှာဆုံပြီး ရောင်းဝယ်ဖောက်ကားကြတယ်။
ကုန်တွေကို ကုန်းပေါ် မတင်ဘူး၊ လှေပေါ်မှာပဲ ရောင်းတယ်။ ဝယ်တဲ့သူတွေကလည်း လှေနဲ့ပဲ လာဝယ်ကြတယ်။
အဲဒီတော့ ရောင်းလှေနဲ့ ဝယ်လှေ ကွဲပြားအောင် ကုန်ရောင်းလှေတွေက လှေပေါ်မှာ အလံထောင်ထားရတယ်။
ရောင်းစရာပစ္စည်းကုန်သွားရင်တော့ အလံကိုလှဲထားရသတဲ့။
ကုန်ဝယ်ချင်သူတွေက အလှံထောင်ထားတဲ့လှေတွေပေါ်တက်ပြီး ဆန်ရှိလား၊ ငါးပိရှိလား မေးဝယ်ကြရတာပေါ့ဗျာ။
အချို့လှေတွေက ကိုယ့်မှာပါလာတဲ့ရောင်းစရာကုန်ပစ္စည်း ကုန်သွားလို့ လှေခွက်ချည်း ကျန်ပေမယ့် အလံကိုမလှဲပဲ ဆက်ထောင်ထားတယ်။
ကုန်ဝယ်တွေက ဆန်ရှိလား၊ ငါးပိရှိလား လှေပေါ်တက်မေးရင် ရှိတယ်၊ ခဏစောင့်ပါဆိုပြီး အခြားလှေကကဲ့ယူ အမြတ်တင်ရောင်းကြသတဲ့။
အဲဒီမှာလူတွေက
” ကုန်ရောင်းသမားတွေ လောဘမသတ်နိုင်ပုံများ လှေခွက်ချည်းကျန်တာတောင် အလံမလှဲဘူးဟေ့ ” လို့ ပြောကြရာက ဒီစကားပုံ ပြောစမှတ်တွင်ကျန်ရစ်ခဲ့တယ် ဆိုပါတယ်”
ပခုက္ကူဦးအုံးဖေက စာပေပညာရှင် မဟုတ်သော်လည်း ခေတ်ကို မှတ်မှတ်ထင်ထင်ဖြတ်သန်းလာခဲ့သူပီပီ စကားပုံ၏ ဗျူပ္ပတ်ကိုပါ ပြောပြနိုင်သည်။
ဆရာကြီးဦးသုခ နှစ်ခြိုက်သွားသည်။
လှေခွက်ချည်းကျန် အလံမလှဲဆိုတဲ့စကားပုံဟာ မဆုတ်နစ်သော ဇွဲလုံ့လကို ဖော်ညွှန်းတယ်ဆိုတာထက် ပခုက္ကူဦးအုံးဖေ ဆွေးနွေးသွားတာက ပိုပြီး သဘာဝယုတ္တိရှိပါတယ်။
သာဓကယုတ်တိ၊ အာဂမယုတ်တိ၊ ဇာတကယုတ်တိ၊ သဘာဝယုတ်တိ ဆိုတဲ့ ယုတ္တိလေးပါးမှာ သဘာဝယုတ္တိက အချုပ်ဟုဆိုသည်။
ရာသီမသိ ပန်းနဲ့ညှိ၊
ဓမ္မမသိ သဘာဝနဲ့ညှိ လို့လည်းအဆိုရှိပါတယ်။
ဒါကြောင့် သဘာဝယုတ္တိရှိတဲ့ ပခုက္ကူဦးအုံးဖေရဲ့ဆွေးနွေးချက်က ပိုပြီးမှန်နိုင်ပါတယ်” ဟု ဆရာကြီးဦးသုခက ဆိုခဲ့သည်။
အခြားစာပေပညာရှင်များ သဘောညီကြပါမည်လားဟု တွေးတောနေမိပါသည်။
#မောင်မြေနီ(တမာတော) ဆောင်းပါးမှ သန်းဝင်းသူ ကူးယူပါတယ်။
Credit: ထက်ဝေ via မှတ်သားစရာစာကောင်းပေမွန်များ