“မြို့ပြလူနေမှု ဘဝကို ငြီးငွေ့လာကြပြီးနောက် သစ်တောကြီးထဲမှာ ရွာတည်ပြီး နေကြသူများ”

အင်္ဂလန်တွင် ပညာတတ်လူတစ်စုသည် မြို့ပြလူနေမှုကို ကျောခိုင်းကာ ကျေးလက်ဒေသတောအုပ်တစ်ခု ထဲတွင် စုပေါင်းနေထိုင်ကြရာ တစ်လလျှင် ပေါင် ၁၂၀ မျှသာ ကုန်ကျကြောင်း The Sun သတင်းဌာနက ဖော်ပြသည်။

အင်္ဂလန်နိုင်ငံ၊ ဆမ်းမားဆက်ခရိုင်မှ တောအုပ်တစ်ခုအတွင်း ဧက ၄၀ ကျယ်သော မြေနေရာတွင် Tinkers Bubble အမည်ရှိ အသိုက်အဝန်းလေးကို တည်ထောင်ထားခြင်းဖြစ်သည်။

တည်ထောင်သူများမှာ မြို့ပြနေ ဝန်ထမ်းများဖြစ်ပြီး မနက် ၉- ညနေ ၅ အလုပ်များနှင့် စူပါမားကက်များတွင် ဈေးဝယ်ထွက်နေရခြင်းများကို ငြီးငွေ့သူများ ဖြစ်ကြသည်။

Tinkers Bubble ရွာလေးတွင် နေထိုင်ကြသူများသည် မိမိတို့စားသုံးရန် ကိုယ်တိုင်စိုက်ပျိုးကြပြီး သစ်သီးဖျော်ရည်စက်များ၊ အော်ဂဲနစ်ပန်းသီးအရက်များ ထုတ်လုပ်ခြင်းမှ ဝင်ငွေရကြသည်။

နေရောင်ခြည်စွမ်းအင်သုံး ၁၂ ဗို့ဘက်ထရီဖြင့် လျှပ်စစ်ဓာတ်အား ရယူကြပြီး ချက်ပြုတ်ရန်အတွက် ထင်းကို လောင်စာအဖြစ်သုံးကြကာ ရေချိုးခန်းတစ်ခုလည်း ဆောက်လုပ်ထားရှိကြသည်။

တောအုပ်ထဲမှ ရွာကလေးတွင် နေထိုင်မှုကုန်ကျစရိတ် တစ်လလျှင် ပေါင် ၁၂၀ မျှသာရှိသည်။

မြို့ပြအင်ဂျင်နီယာတစ်ဦးအဖြစ် လုပ်ကိုင်ခဲ့သူ အဲလက်စ်က PositiveNews ဝက်ဘ်ဆိုက်သို့ ပြောသည်မှာ ကိုယ်တိုင်စိုက်ပျိုးထားသည်များနှင့် အမဲလိုက်ရရှိကြသည်များကိုသာ အများဆုံးစားသောက်ကြကြောင်း ပြောသည်။

“ကျွန်တော်တို့ရဲ့ လောင်စာက ကျွန်တော်တို့ခုတ်ထားတဲ့ ထင်းတွေပါပဲ။ ဒါက ပိုမိုကြံ့ခိုင်စေပြီး ယုံကြည်မှုပိုရှိစေတယ်လို့ ခံစားရပါတယ်။ ကျွန်တော်တို့ဟာ ဈေးဆိုင်တွေကို အားမကိုးပါဘူး”ဟု အဲလက်စ်က ပြောသည်။

တောရိုင်းသဘာဝအတွင်း တည်ထောင်ထားသော ထိုအသိုက်အဝန်းလေးသည် ခေတ်သစ်လူ့အသိုက်အဝန်းမှ ကျောခိုင်းလာကြသော ပညာတတ်များအတွက် နိဗ္ဗာန်ဘုံငယ်လေးတစ်ခု ဖြစ်သည်။

“ခေတ်သစ်လူ့အသိုက်အဝန်းကို ကြည့်ရင် ဆင်းရဲဒုက္ခတွေ အနန္တပဲ။ အထီးကျန်မှု၊ စိတ်ကျန်းမာရေး၊ အိမ်ရာပြဿနာ၊ စားရေးသောက်ရေး၊ ရာသီဥတုပြောင်းလဲမှု အစရှိတဲ့ပြဿနာတွေနဲ့ပါ။ ဒီက လူနေမှုဘဝက ဒါတွေအားလုံးရဲ့ အဖြေတစ်ခုကို ပေးစွမ်းပါတယ်” ဟု အဲလက်စ်က ဆိုသည်။

ရွာကလေးတွင် နေထိုင်သူအများစုမှာ အသက် ၃၀ နီးပါးနှင့် ၃၀ ကျော်များဖြစ်ကြောင်း၊ တောထဲတွင် နေထိုင်ရခြင်းဖြစ်သောကြောင့် ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းရန်လိုအပ်ကြောင်း အဲလက်စ်က ဖြည့်စွက်ပြောကြားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse (အိုင်မြန်မာဟောက်စ်) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။

iMyanmarHouse Team

Credit: iMyanmarHouse

Ref: OFF GRID We live in the woods for just £120 a month with no bills – we grow our own food and don’t go to shops…we love it (thesun)